အောက်တိုဘာ 10, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
သတင်း အလုပ်သမား သတင်း

ထိုင်းနိုင်ငံတွင် မြန်မာ ၁ ဦး လုပ်ငန်းခွင်ထိခိုက်မှုဖြစ်ပြီး လက်နှစ်ချောင်းဖြတ်ရ

အောက်တိုဘာ ၉ ၊ Migrant Times ။
ထိုင်းနိုင်ငံ၊ချွန်ပူလီခရိုင် ၊ စီလာချာမြို့ရှိ ကားပစ္စည်းစက်ရုံတွင် အလုပ်လုပ်နေနေသော မြန်မာအလုပ်သမား ကိုမိုးထက်သာသည် လုပ်ငန်းခွင်ထိခိုက်မှုဖြစ်ပြီး လက်နှစ်ချောင်းဖြတ်ခဲ့ရကြောင်း WAG အဖွဲ့မှ သိရသည်။
၄င်းသည် ထိုစက်ရုံတွင် ပြီးခဲ့သည့် ဇွန်လ ၂၃ ရက်နေ့၊ ညနေ၌ ဖိနှိပ်စက်နှင့် ပစ္စည်းများထုတ်လုပ်နေစဉ်စက်ချို့ယွင်းမှုဖြစ်ကာ လက်ညှပ်မီခဲ့ခြင်းဖြစ်သည်။ ထိခိုက်မှုဖြစ်ပြီးနောက် ဆေးရုံတွင် ဆေးကုသမှုခံယူခဲ့ပြီး ညာဘက်လက်ညိုးနှင့် လက်ခလယ်ကိုအရင်းမှ ဖြတ်လိုက်ရကာ လက်သန်းကြွယ်နှင့်လက်သန်းမှာကွေးသွားခဲ့သည်။
ကိုမိုးထက်သာသည် ဆေးရုံတွင်လေးရက်ကြာဆေးကုသမှုခံယူပြီး ဆေးရုံစရိတ်ကို စက်ရုံဘက်မှရှင်းပေးခဲ့‌သည်။ သို့သော်လည်း လက်ချောင်းများဆုံးရှုံးသွားသည့် အပေါ် စက်ရုံမှ တာဝန်ယူမှု မရှိသောကြောင့် နစ်နာကြေး ပြန်လည်ရရှိရန် စက်တင်ဘာ ၂၆ ရက်နေ့တွင် ၎င်းကအကူညီတောင်းခံခဲ့ကြောင်း WAG အလုပ်သမားမဟာမိတ်အဖွဲ့ကပြောသည်။
“လက်ရှိ ကျွန်တော်တို့ နယ်မြေခံ ဆဝါဒီကန်(အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံး) ကိုတော့ အကူညီ‌တောင်းထားတယ်။ သူတို့တွေက ပြန်လည် စီစစ်ပြီးတော့ ကွင်းဆင်းစစ်ပေးမယ်လို့တော့ ပြောပါတယ်” ဟု WAG အဖွဲ့ခေါင်းဆောင် ကိုမုန်တိုင်းက Migrant Times ကိုပြောသည်။
ကိုမိုးထက်သာနည်းတူ ထိုင်းနိုင်ငံရှိ စက်ရုံအလုပ်ရုံများတွင် အလုပ်လုပ်ကိုင်နေကြသော မြန်မာနိုင်ငံသား အလုပ်သမား ၄ ဦးသည် လုပ်ငန်းခွင့် ထိခိုက်မှုကြောင့် ခြေလက်အင်္ဂါ အချို့ဆုံးရှုံးခဲ့ပြီး ၎င်းတို့အား နစ်နာကြေးရရန် အကူအညီပေးနေကြောင်း WAG အလုပ်သမားမဟာမိတ်အဖွဲ့ကထုတ်ပြန်သည်။
Photo – WAG