အောက်တိုဘာ ၁၃ ၊ Migrant Times ။
ထိုင်းနိုင်ငံ၊ ဆူရတ်ဌာနီ ပြည်နယ်၊ ဖန်ငန်ကျွန်း (Koh Phangan) တွင် တရားမဝင် ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်မှုဖြင့် မြန်မာနိုင်ငံသား ၆ ဦးကို အောက်တိုဘာလ ၁၁ ရက်နေ့တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။ မြန်မာနိုင်ငံသားများမှ အစပြုကာ အစ္စရေးရင်းနှီးမြှုပ်နှံသူတစ်ဦးနှင့် လွန်ခဲ့သောတစ်နှစ်အတွင်း ဘတ်ငွေ ၉ သန်းနီးပါး (ဒေါ်လာ ၂၇၅,၂၁၅) လည်ပတ်ခဲ့သော ထိုင်းလူမျိုးများကို ကြားခံအဖြစ် အသုံးပြုသည့် ကွန်ရက်တစ်ခုကိုဖော်ထုတ်နိုင်ခဲ့ကြောင်း ထိုင်းသတင်းကဖော်ပြသည်။
ဖန်ငန်ကျွန်းတွင် အစ္စရေးလူမျိုးများက ထိုင်းလူမျိုးများကို ကြားခံအဖြစ် အသုံးပြုကာ ဥပဒေများကို ရှောင်လွှဲ၍ ကျွန်းပေါ်တွင် လုပ်ငန်းများကို တရားမဝင် တိုးချဲ့လုပ်ကိုင်နေမှုများရှိကြောင်း ဖန်ငန်ကျွန်း ဒေသခံများ၏ ရဲတပ်ဖွဲ့ထံတိုင်ကြားခဲ့ကြသည်။
ရဲတပ်ဖွဲ့အဆိုအရ ဦးရဲ နှင့် ဦးသီ ဟုခေါ်သော မြန်မာအမျိုးသားနှစ်ဦးသည် ဆောက်လုပ်ပြီးစီးပြီးသော နေအိမ်တစ်လုံးတွင် လျှပ်စစ်စနစ်များ တပ်ဆင်နေကြောင်း ဒေသခံများက သတင်းပို့ရာမှ သွားရောက်စစ်ဆေးဖမ်းဆီးခဲ့သည်။ ၎င်းတို့နှစ်ဦးစလုံးသည် အစ္စရေးအမျိုးသားတစ်ဦးထံမှ တစ်နေ့လျှင် ဘတ် ၅၀၀ ကို ငွေသားဖြင့် လုပ်ခအဖြစ် ရရှိခဲ့ကြောင်း ဝန်ခံခဲ့ကြသည်။
ထို့နောက် ရဲတပ်ဖွဲ့သည် ဖန်ငန်ကျွန်း ရှိ ဆောက်လုပ်ရေးကဏ္ဍသို့ စုံစမ်းစစ်ဆေးမှုကို ဆက်လက်ပြုလုပ်ခဲ့သည်။ စုံစမ်းစစ်ဆေးမှုများအရ မြန်မာနိုင်ငံသားများဖြစ်သည့် ဦးအောင်သူ၊ မခိုင်ဝေမွန် နှင့် ဦးသီဝေတို့ကို တရားမဝင် ဆောက်လုပ်ရေး ကန်ထရိုက်လုပ်ငန်းကို လုပ်ကိုင်နေခြင်းကြောင့်ဆက်လက်ဖမ်းဆီးခဲ့သည်။
မြန်မာနိုင်ငံသားသုံးဦး၏ ဘဏ်စာရင်းများအရ တစ်နှစ်အတွင်း ဘတ် ၈.၉ သန်း (ဒေါ်လာ ၂၇၂,၁၆၀) လည်ပတ်နေကြောင်း တွေ့ရှိခဲ့ပြီး ယင်းပမာဏသည် ရွှေ့ပြောင်းအလုပ်သမားများ ထိုင်းနိုင်ငံတွင် တရားဝင်ရရှိနိုင်သည့် ပမာဏထက် များစွာ ကျော်လွန်နေကြောင်း ရဲတပ်ဖွဲ့ကပြောကြားသည်။
မြန်မာနိုင်ငံသားသုံးဦးကို စစ်ဆေးရာတွင် ထိုင်းနိုင်ငံတွင် မှတ်ပုံတင်ထားသော Kong Thong Construction Limited Partnership အမည်ရှိ ကုမ္ပဏီအတွက် အလုပ်လုပ်သည်ဟု မမှန်မကန် ပြောဆိုခဲ့ကြောင်း ၊ ၎င်းတို့သည် မစ္စတာရန်(Mr. Ran) အမည်ရှိ အစ္စရေးနိုင်ငံသားတစ်ဦး၏ တိုက်ရိုက်အလုပ်သမားများ ဖြစ်ပြီး မစ္စတာရန်မှ အိမ်တစ်လုံးလျှင် ဘတ် ၇ သန်း (ဒေါ်လာ ၂၁၄,၀၆၀) ကျော် ဘတ်ဂျက်ရှိသော ဇိမ်ခံအိမ် ၇ လုံး ဆောက်လုပ်ရန် ကန်ထရိုက်ပေးခဲ့ကြောင်း၊ စီမံကိန်းတန်ဖိုး စုစုပေါင်းမှာ ဘတ် ၄၉ သန်း (ဒေါ်လာ ၁.၅ သန်း) ခန့် ဖြစ်ကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။
အစ္စရေးနိုင်ငံသား မစ္စတာရန်သည် အိမ်တစ်လုံး၏ စာချုပ်တန်ဖိုး ၅၀% ကို ဆောက်လုပ်ရေး တစ်ဝက်ရောက်သည့်အခါ ထုတ်ပေးခဲ့ကြောင်း၊ အစ္စရေးရင်းနှီးမြှုပ်နှံသူသည် ကန်ထရိုက်တာများအတွက် ဘတ် ၉.၃ သန်း (ဒေါ်လာ ၂၈၄,၃၉၀) တန်ဖိုးရှိ ဆောက်လုပ်ရေးပစ္စည်းများ ဝယ်ယူခဲ့ပြီး လုပ်အားခအတွက် ဘတ် ၆ သန်း (ဒေါ်လာ ၁၈၃,၄၈၀) ကို တစ်ပေါင်းတည်း ထပ်ဆောင်းပေးချေခဲ့ကြောင်းပေးခြေထားသည့် ပြေစာများကို ပြန်လည် သိမ်းဆည်းရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောသည်။
ရဲတပ်ဖွဲ့က မြန်မာကန်ထရိုက်များ၏ မိုဘိုင်းဖုန်းများတွင် မစ္စတာ ရန်နှင့် အသေးစိတ် ဆက်သွယ်ပြောဆိုမှုများ၊ ငွေကြေးလွှဲပြောင်းမှုများကို မှတ်တမ်းတင်ထားသည့် ဘဏ္ဍာရေးမှတ်တမ်းများ တွေ့ရှိခဲ့သည်။
ရဲတပ်ဖွဲ့သည် မြန်မာနိုင်ငံသား ဦးတိန်စိုးကို ဆက်လက်ဖမ်းဆီးခဲ့ပြီး ၎င်းသည် တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်မှတစ်ဆင့် ဘတ် ၁၅,၀၀၀ ပေး၍ ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်ခဲ့ကြောင်း နှင့်ဆောက်လုပ်ရေးတွင် တရားမဝင် လုပ်ကိုင်နေကြောင်း ဝန်ခံခဲ့သည်ဟု ထိုင်းသတင်းကဖော်ပြသည်။
မြန်မာကန်ထရိုက်တာများသည် ထိုင်းနိုင်ငံသား တစ်ဦး၏ အမည်ဖြင့် ကုမ္ပဏီတခုကိုအသုံးပြုခဲ့ပြီး ၎င်း ထိုင်းနိုင်ငံသားသည် အင်္ဂလိပ်စကားမပြောနိုင်ဘဲ နိုင်ငံခြားသားဖောက်သည်များနှင့် ညှိနှိုင်းဆွေးနွေးမှုများတွင် တစ်ခါမျှ ပါဝင်ခြင်းမရှိကြောင်း၊ ၎င်းသည် ညွှန်ကြားသည့်အတိုင်း ဆောက်လုပ်ရေးပစ္စည်းကိရိယာများနှင့် ပစ္စည်းများကို မှာကြားပေးရုံသာ လုပ်ဆောင်ခဲ့ကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။
မြန်မာကန်ထရိုက်တာများသည် ၎င်းတို့၏ ကိုယ်ပိုင် အလုပ်သမား ၃၀ မှ ၅၀ ဦးခန့်အား စီမံခန့်ခွဲခြင်း၊ ကျွန်းပေါ်ရှိ နိုင်ငံခြားသားများထံမှ ကန်ထရိုက်များကို တိုက်ရိုက် တောင်းခံလုပ်ကိုင်ခြင်းများလုပ်ကိုင်ခဲ့ကြောင်း၊ ၎င်းတို့သည် ဆောက်လုပ်ရေး လုပ်ငန်းသည်တရားမဝင်ကြောင်း သိရှိထားသော်လည်း ငွေကြေးအကျိုးအမြတ်ကြောင့် ဆက်လက်လုပ်ဆောင်ခဲ့ကြကြောင်း ရဲတပ်ဖွဲ့ကပြောသည်။
ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများအရ မြန်မာကန်ထရိုက်တာများ၊ အစ္စရေးရင်းနှီးမြှုပ်နှံသူများနှင့် လူစားထိုးအဖြစ် လုပ်ကိုင်သည်ဟု သံသယရှိသော ထိုင်းနိုင်ငံသားများကြားတွင် လွန်ခဲ့သောတစ်နှစ်အတွင်း ဘတ်ငွေသန်းပေါင်းများစွာ လည်ပတ်နေသည့် ရှုပ်ထွေးသော ငွေကြေးလွှဲပြောင်းမှု ကွန်ရက်တစ်ခုကို ခြေရာခံမိခဲ့ကြောင်း ထုတ်ပြန်သည်။
လက်ရှိတွင် မြန်မာနိုင်ငံသား ၆ ဦးကို ဖန်ငန်ရဲစခန်းတွင် လိုင်စင်မဲ့ ဆောက်လုပ်ရေးလုပ်ငန်းများ လုပ်ကိုင်မှု ဖြင့်တရားစွဲဆိုရန် ဖမ်းဆီးထိန်းသိမ်းထားပြီး အစ္စရေးနိုင်ငံသားမစ္စတာရန် နှင့် အမည်ခံ ထိုင်းနိုင်ငံသားကို စွဲချက်တင်ခြင်း မပြုသေးဘဲ စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း ထိုင်းသတင်းကဖော်ပြသည်။
Photo – Khaosod