အောက်တိုဘာ 18, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
သတင်း

STUM ဦးဆောင်သူ ဒေါ်မျိုးမျိုးအေးနှင့် အချုပ်သားများအား ရွေးကောက်ပွဲအတွက် ကြိုတင်မဲထည့်ရန် ဖိအားပေး

အောက်တိုဘာ ၁၃ ၊ Migrant Times ။

ဖမ်းဆီးခံထားသည့် သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ (STUM) ဦးဆောင်သူ ဒေါ်မျိုးမျိုးအေး အပါအဝင် အကျဉ်းထောင်၊ အချုပ်ခန်းရှိ အချုပ်သားများအား ရွေးကောက်ပွဲအတွက် ကြိုတင်မဲထည့်ရန် စစ်ကောင်စီက ဖိအားပေးခြင်းများပြုလုပ်နေကြောင်း STUM အဖွဲ့ ကယနေ့ထုတ်ပြန်သည်။

ကြိုတင်မဲ ထည့်ရန် ငြင်းဆန်ပါက ကန့်ကွက်မဲအဖြစ်သတ်မှတ်ပြီး တိုက်ပိတ်ခြင်းကဲ့သို့ ထောင်တွင်းဒဏ်များ ချမှတ်မည်ဖြစ်ကြောင်း ခြိမ်းခြောက်ကြိမ်းမောင်းလျက်ရှိနေသည်ဟုဆိုသည်။

STUM ဦးဆောင်သူ ဒေါ်မျိုးမျိုးအေး၏အမှုအား ယနေ့တွင် ရွှေပြည်သာ မြို့နယ်တရားရုံး၌
စစ်ဆေးပြီး ခြေချုပ်နှင့် ခံဝန် အမှုမှ တရားလိုပြ သက်သေများအား ဆက်လက် စစ်ဆေးကြားနာခဲ့သည်။ ထို့ပြင် အသင်းအဖွဲ့များမှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ – ၄၀၊၄၁ မှ တရားလို အား ဆက်လက်စစ်ဆေးပြီးနောက် တရားလိုပြသက်သေများအား စစ်ဆေးရန် အောက်တိုဘာလ ၂၃ ရက်သို့ချိန်းဆိုလိုက်ကြောင်း STUM အဖွဲ့ကပြောသည်။

စစ်ကောင်စီက အလုပ်သမားအရေးလုပ်ရှားသည့် STUM ဦးဆောင်သူ ဒေါ်မျိုးမျိုးအေးကို ၎င်း၏နေအိမ်၌ ပြီးခဲ့သည့် ဇူလိူင်လ ၂၅ ရက်နေ့ညတွင် ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ၎င်းနောက် STUM ဝန်ထမ်း ၁ဝ ဦးကို ဇူလိူင်လ ၂၆ ရက်မှ ၂၈ ရက်အတွင်း ထပ်မံဖမ်းဆီးခဲ့သည်။

ဒေါ်မျိုးမျိုးအေးအပါအဝင် (၁၀)ဦးကို ခြေချုပ်နှင့် ခံဝန်အက်ဥပဒေ ပုဒ်မ အပြင် အသင်းအဖွဲ့မှတ်ပုံတင်ခြင်း ဆိုင်ရာ ဥပဒေပုဒ်မ ၄၀၊ ၄၁ တို့ဖြင့် စက်တင်ဘာ ၁၅ ရက်နေ့က ထပ်တိုးတရားစွဲဆိုခဲ့ကြောင်း STUM ကထုတ်ပြန်သည်။

ဓာတ်ပုံ – STUM ဦးဆောင်သူ ဒေါ်မျိုးမျိုးအေး (ပုံဟောင်း)