🟥ဖန်ရှန် မုန်တိုင်းကြောင့် တောင်ပိုင်းတွင် မိုးသည်းထန်မည်
အောက်တိုဘာ ၂၃ ၊ Migrant Times ။
ထိုင်းနိုင်ငံတွင် ယနေ့သည် ပထမဆုံး ဆောင်းရာသီစတင်သည့်နေ့ဖြစ်ပြီး မြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းတို့၌ အနိမ့်ဆုံး အပူချိန် ၁၈ ဒီဂရီစင်တီဂရိတ် ရှိလာကြောင်း ထိုင်းမိုးလေဝသဌာန (TMD) ကထုတ်ပြန်သည်။ ထိုင်းနိုင်ငံ၏ ဆောင်းရာသီကြောင့် မြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းတို့တွင် ပိုမိုအေးမြသည့် ရာသီဥတု ဖြစ်ပေါ်လာမည်ဟု TMD ကပြောသည်။
သို့သော်လည်း ဖန်ရှန် (Fengshen) မုန်တိုင်း၏ ကျန်ရှိနေသည့် အရှိန်ကြောင့် တောင်ပိုင်းတွင် မိုးသည်းထန်ခြင်းနှင့် လှိုင်းကြီးခြင်းများ ဖြစ်ပေါ်မည်ဖြစ်ကြောင်း ထုတ်ပြန်သည်။
လာမည့် ၂၄ နာရီအတွင်း ထိုင်းပင်လယ်ကွေ့အပေါ်တွင် အားကောင်းသော အရှေ့မြောက် မုတ်သုံလေပေါင်းစပ်မှုကြောင့် ထိုင်းတောင်ပိုင်းပြည်နယ်များတွင် မိုးအလွန်သည်းထန်နိုင်ပြီး နာခွန်စီထမ်မာရတ် ၊ ဖတ်ထလွန် ၊ စုန်ခလာ နှင့် ပတ္တာနီ ဒေသခံများအား ရေကြီးရေလျှံမှုကို သတိထားကြရန် TMD ကထုတ်ပြန်သည်။
အပူပိုင်းမုန်တိုင်း ဖန်ရှန်သည် လက်ရှိတွင် တောင်တရုတ်ပင်လယ် အပေါ်၌ တည်ရှိနေပြီး ယနေ့တွင် ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းသို့ ဝင်ရောက်ပြီးနောက် အလျင်အမြန်ာ အားပျော့သွားမည်ဟု ခန့်မှန်းထားသည်။
ထိုင်းနိုင်ငံတောင်းပိုင်တွင် ယမန်နေ့ကစပြီး မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ယနေ့နံနက်တွင် ဖန်ငခရိုင်၊ ခေါက်လတ်မြို့နယ် အဝေးပြေးလမ်းမ၌ ရေလျှံမှုများ ဖြစ်ပွားနေကြောင်း ဒေသခံမြန်မာ ၁ ဦးက Migrant Times ကိုပြောသည်။
Photo – CM News
ချင်းမိုင်မြို့ရှိ ထိုင်းနိုင်ငံ၏ အမြင့်ဆုံး ဒွိုင်အင်ထနွန်တောင်ပေါ်လမ်းတွင် ယနေ့နံနက်တွေ့ရသည့် ဒေသခံများ။


