နိုဝင်ဘာ ၁ဝ ၊ Migrant Times ။
– ထိုင်းနိုင်ငံ ၊ မဲဆောက်မြို့နယ်သို့ မြ၀တီမြို့နယ်ရှိ KK Park မှ ထွက်ပြေးလာသည့် အိန္ဒိယနိုင်ငံသား ၁၉၅ ဦးအား ယနေ့တွင် မဲဆောက်လေဆိပ်မှတစ်ဆင့် ၎င်းတို့နိုင်ငံသို့ ပြန်ပို့ခဲ့ကြောင်း ထိုင်းသတင်းကဖော်ပြသည်။ ထိုင်းဝန်ကြီးချုပ် အနုထင်ချန်ဗီရကူလ်သည် အိန္ဒိယသံအမတ်နှင့်အတူ KK Park မှ အိန္ဒိယနိုင်ငံသား ၁၉၅ ဦးအား မဲဆောက်လေဆိပ်မှတစ်ဆင့် ၎င်းတို့နိုင်ငံသို့ ပြန်ပို့ခြင်း အစီအစဉ်ကို ယနေ့ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
– ထိုင်းနိုင်ငံတွင်းတွင် အလုပ်လုပ်နေထိုင်ခွင့် သက်တမ်းကုန်ဆုံးနေသည့် ကမ္ဘောဒီးယား အလုပ်သမား ၁ဝဝ,ဝဝဝ ခန့်အား ဆက်လက်နေထိုင်ခွင့်ကို တင်းတင်းကျပ်ကျပ် စစ်ဆေးမည်ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် အနုထင်ချန်ဗီရကူလ်က ယနေ့ မဲဆောက်မြို့တွင် သတင်းထောက်များနှင့်တွေ့ဆုံစဉ်ပြောကြားကြောင်း ထိုင်းရီပိုတာသတင်းကဖော်ပြသည်။
– ထိုင်းနိုင်ငံ ၊ ကန်ချနပူရီခရိုင်၊ ဆန်ခလာဘူရီမြို့နယ်တွင် နိုဝင်ဘာလ ၉ ရက်နေ့၌ ပစ်ကပ်ကားတစီးသည် ဓာတ်တိုင်ဝင်တိုက်မိခဲ့ပြီး ၎င်းကားအတွင်းက မြန်မာအလုပ်သမား ၂၁ ဦး ထိခိုက်ဒဏ်ရာများရရှိကာ ရဲတပ်ဖွဲ့၏ဖမ်းဆီးခြင်းခံခဲ့ရသည်။ယာဉ်မောင်းသည် ရဲတပ်ဖွဲ့မလာရောက်မီတွင် ထွက်ပြေးတိန်းရှောင်သွားခဲ့ပြီး ကားအတွင်းရှိ မြန်မာအလုပ်သမား ၂၁ ဦးသည် ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း ထိုင်းသတင်းကယနေ့ဖော်ပြသည်။
– ထိုင်းနိုင်ငံ အယုဒ္ဓရရှိ ဆောက်လုပ်ရေးလုပ်ငန်း တစ်ခုတွင် လုပ်အားခမရှင်းပေးပဲ ဖိနှိမ်ခံနေရသော မြန်မာလုပ်သား ၇ ဦးအတွက် မေလ ၁၄ ရက်နေ့တွင် နယ်မြေခံအလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံး၌ အမှုဖွင့်ခဲ့သည်။ ၎င်းရုံး တာဝန်ရှိမှ ရက်တစ်ခုအား ရုံးချိန်းရက်အဖြစ်သတ်မှတ်ပေးမည်ဖြစ်ပြီး ထိုရက်၌ မြန်မာအလုပ်သမားများအတွက် နစ်နာထားသည်များရရှိနိုင်ရန် လုပ်ငန်းရှင်အား တရားရုံး၌ တရားစွဲခြင်းစတင်မည်ဖြစ်ကြောင်း MHAC အဖွဲ့ကထုတ်ပြန်သည်။
– ထိုင်းနိုင်ငံ၊ဆာလာဘူလီခရိုင်၊နောင်ခဲမြို့ရှိ ကြွေထည်စက်ရုံတွင်အလုပ်အလုပ်နေသော မြန်မာ အလုပ်သမား ၁၁ ဦး၏ လုပ်အားခ ထိုင်းဘတ်ငွေ ၂၅၃,ဝဝဝ အားစက်ရုံဘက်မှပေးချေခြင်းမရှိသည့်အတွက် ယနေ့တွင် အလုပ်သမားများနှင့်အတူ နယ်မြေခံ ဆာဝါဒိကန် အလုပ်သမားရုံး၌ လုပ်အားခပြန်လည်ရရှိရန်အတွက် တိုင်ကြားပေးခဲ့ကြောင်း WAG အလုပ်သမားမဟာမိတ်အဖွဲ့ကထုတ်ပြန်သည်။
– ထိုင်းနိုင်ငံ၊လှခ်ျဘူလီမြို့နယ်၊ဒေါင်စိုင်ကျေးရွာရှိခြင်ထောင်စက်ရုံတွင် ၁ဝ နှစ်ကြာအလုပ်လုပ်နေသော မြန်မာအလုပ်သမား ကိုကျော်ကျော်သည် စက်သန့်ရှင်းရေးလုပ်ရာမှ မတော်တဆဖြစ်ကာ ဘယ်ဘက် လက်ခလယ် အရင်းမှဖြတ်ပစ်လိုက်ရပြီး နစ်နာကြေးမရသည့်အတွက် နိုဝင်ဘာလ ၇ ရက်မှစကာ ကူညီမှုပေးနေကြောင်း WAG အဖွဲ့ကထုတ်ပြန်သည်။
