နိုဝင်ဘာ 11, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
သတင်း

ထိုင်း-ကမ္ဘောဒီးယား ငြိမ်းချမ်းရေးကြေညာချက် ယာယီရပ်စဲ

နိုဝင်ဘာ ၁၁ ၊ Migrant Times ။

ထိုင်းနိုင်ငံနှင့်ကမ္ဘောဒီးယားနိုင်ငံ အကြားသဘောတူထားသည့် ငြိမ်းချမ်းရေး ကြေညာချက်ကို ထိုင်းဘက်က တရားဝင် ယာယီရပ်စဲလိုက်ကြောင်း ထိုင်းသတင်းက ယနေ့ဖော်ပြသည်။

ထိုင်းအမျိုးသားလုံခြုံရေးကောင်စီ(NSC)၏ အရေးပေါ်အစည်းအဝေးကို ယနေ့၊နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ကျင်းပခဲ့ပြီး ထိုင်း-ကမ္ဘောဒီးယား ငြိမ်းချမ်းရေးပူးတွဲကြေညာချက်ကို ဆိုင်းငံ့ရန် သဘောတူခဲ့ခြင်းဖြစ်သည်။ ထိုင်းအမျိုးသားလုံခြုံရေးကောင်စီအစည်းအဝေးတွင် ယမန်နေ့က နယ်စပ်အနီး၌ ထိုင်းစစ်သားများ မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရခဲ့သည်များကို ကမ္ဘောဒီးယားက အပြည့်အဝ တာဝန်ယူရန် တိုက်တွန်းကာ စစ်ရေးအရ ဆောင်ရွက်မှုများကို ခွင့်ပြုလိုက်ကြောင်း သိရသည်။

၎င်းအစည်းအဝေးတွင် ထိုင်းဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီး အနုတင် ချန်ဗီရာကူလ် သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ကာ သုံးနာရီကြာမြှင့်ခဲ့ကြောင်း ဖော်ပြသည်။ NSC အစည်းအဝေးကို စီဆာကက်ခရိုင်၊ ဟွေးတာမာရီယာတွင် ထိုင်းစစ်သားလေးဦး မြေမြှုပ်မိုင်းကြောင့် ဒဏ်ရာရရှိခဲ့ပြီးနောက် ထိုင်းနိုင်ငံ၏ တုံ့ပြန်မှုကို ဆုံးဖြတ်ရန် ကျင်းပခဲ့သည်။

အစည်းအဝေးအပြီး သတင်းထောက်များက ထိုင်း-ကမ္ဘောဒီးယား ငြိမ်းချမ်းရေးကြေညာချက်ကို ရပ်စဲရန် အစိုးရက စီစဉ်ထားပါသလားဟု ထပ်မံမေးမြန်းသောအခါ အနုတင်က “ ဆိုင်းငံ့ထားသည်” ဟု အတိုချုံး ပြောကြားခဲ့သည်ဟု ထိုင်းသတင်းကဖော်ပြသည်။

ဆိုင်းငံ့မှုသည် မည်မျှကြာမည်ကို မေးမြန်းရာတွင် ဝန်ကြီးချုပ်က ဖြေကြားခြင်းမရှိဘဲ အစိုးရအိမ်တော်၌ ကျင်းပသော အပတ်စဉ် ကက်ဘိနက်အစည်းအဝေးသို့ ဆက်လက်သွားရောက်ခဲ့ကြောင်းသိရသည်။

ယနေ့နက်နက်ကျင်းပသည့် NSC အစည်းအဝေးတွင် ထိုင်း-ကမ္ဘောဒီးယား ငြိမ်းချမ်းရေး ကြေညာချက်၏ အပိုဒ် လေးခုစလုံးကို တရားဝင် ဆိုင်းငံ့လိုက်ပြီး ကမ္ဘောဒီးယား အကျဉ်းသား ၁၈ ဦးကို ပြန်လည်ပို့ဆောင်ခြင်းကို ရပ်ဆိုင်းခဲ့ကြောင်း ထိုင်းသတင်းကဖော်ပြသည်။

ထိုင်းနှင့်ကမ္ဘောဒီးယားနယ်စပ်တွင် ပြီးခဲ့သည့် ဇူလိုင်လကုန်ပိုင်း၌ နယ်စပ်ပဋိပက္ခကြောင့် ၅ ရက်ကြာ ပစ်ခတ်မှုများဖြစ်ပွားခဲ့သည်။ ဌင်းနောက် အောက်တိုဘာလ ၂၆ ရက်တွင် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၌ ကျင်းပသည့် အာဆီယံထိပ်သီးအစည်းအဝေးတွင် ထိုင်းနှင့်ကမ္ဘောဒီးယားနှစ်နိုင်ငံ ဝန်ကြီးချုပ်များက ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုခဲ့သည်။

လက်မှတ်ရေးထိုးပွဲအခမ်းအနားကို အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်သည့် မလေးရှားနိုင်ငံဝန်ကြီးချုပ်နှင့် အမေရိကန်သမ္မတဒေါ်နယ်လ်ထရမ့်တို့က သဘာပတိအဖြစ်ဆောင်ရွက်ကာ အသိသက်သေများအဖြစ်ပါဝင်လက်မှတ်ရေးထိုးခဲ့သည်။

ထိုင်းနှင့်ကမ္ဘောဒီးယား ငြိမ်းချမ်းရေးစာချုပ်တွင် နှစ်နိုင်ငံစလုံးအနေဖြင့်ရန်ပြုတိုက်ခိုက်မှုများကိုရပ်တန့်ပြီး အိမ်နီးချင်းကောင်းဆက်ဆံရေး တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ ထိုင်းကဖမ်းဆီးထားသည့် ကမ္ဘောဒီးယားစစ်သည် ၁၈ ဦးကိုပြန်လွှတ်ပေးမည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးကိုစောင့်ကြည့်ရန် လေ့လာသူများကိုစေလွှတ်သွားမည်ဖြစ်ကြောင်း စသည့်အချက်များ သဘောတူ ထားခဲ့ကြကြောင်း ထိုင်းမီဒီယာများကဖော်ပြခဲ့သည်။

ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီးဌာနဘက်မှ ထိုင်းနိုင်ငံ၏ ငြိမ်းချမ်းရေးသဘောတူညီချက်များ ဆိုင်းငံ့မှုကို ကန့်ကွက်ကြောင်း ကမ္ဘောဒီးယား Cambodianess သတင်းကဖော်ပြသည်။ လတ်တလောတွင် ကမ္ဘောဒီးယား တပ်ဖွဲ့များက နယ်စပ်တစ်လျှောက် မြေမြှုပ်မိုင်းအသစ်များ ထပ်မံထောင်ထားသည်ဟူသော ထိုင်းနိုင်ငံ၏ စွပ်စွဲချက်ကို ငြင်းဆိုကြောင်းလည်း ကမ္ဘောဒီးယားသတင်းကယနေ့ ဖော်ပြသည်။

ဓာတ်ပုံ – ထိုင်းနယ်စပ်တွင် မြေမြှုပ်မိုင်းတွေ့ရှိရာနေရာကို ကွင်းဆင်းစစ်ဆေးနေကြစဉ်။
Photo Via – Khaosod