နိုဝင်ဘာ 21, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
သတင်း

ချင်းမိုင်တွင် ဖုန်းအလုံး ၂ဝဝ နီးပါးဖြင့် နေ့စဉ်ဘတ် ၄ သိန်းခန့် ဝင်ငွေရှာနေသည့် တရုတ် ကောစင်တာ ဂိုဏ်းကိုဖမ်းဆီး

နိုဝင်ဘာ ၁၁ ၊ Migrant Times ။

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၊ ဆာရာဖီရပ်ကွက်ရှိ ဇိမ်ခံအိမ်တစ်လုံးတွင် ဖုန်းအလုံး ၂ဝဝ နီးပါးအသုံးပြုကာ နေ့စဉ်ဘတ် ၄ဝဝ,ဝဝဝ ခန့် ဝင်ငွေရှာနေသည့် တရုတ်ကောစင်တာဂိုဏ်းကို လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းက ဖော်ပြသည်။

ယမန်နေ့ (နိုဝင်ဘာလ ၁ဝ ရက်)နေ့ ညနေ ၃ နာရီခန့်တွင် ၎င်းတရုတ်ကောလ်စင်တာဂိုဏ်းကို ရဲမှူးကြီးဦးဆောင်သည့်အဖွဲ့က ဝင်ရောက်ရှာဖွေခဲ့ခြင်းဖြစ်ကြောင်း ချင်းမိုင်လူဝန်မှုကြီးကြပ်ရေးဌာနကလည်း ယနေ့ထုတ်ပြန်သည်။

ထိုင်းသတင်းဖော်ပြချက်အရ နေ့စဉ် ဘတ်ငွေ ၄၀၀,၀၀၀ ကျော် လွှဲပြောင်းနေသည့် ထိုင်းဘဏ်စာအုပ် ၂၀၀ ကျော်နှင့် ငွေလွှဲလက်ခံရန် အသုံးပြုသည့် မိုဘိုင်းဖုန်း ၁၇၄ လုံး၊ ATM ကတ် ၇၃ ခု နှင့် ကွန်ပျူတာ ၂ လုံးတို့ကိုကို ရဲတပ်ဖွဲ့က တွေ့ရှိခဲ့သည်။

တရုတ်လူမျိုးတစ်ဦးနှင့် အိမ်စောင့်တစ်ဦးတို့ကို ဖမ်းမိခဲ့ပြီး ဖမ်းဆီးစဉ် အချိန်၌ပင် ငွေများသည် အကောင့်များထဲသို့ ဆက်လက်ဝင်ရောက်နေဆဲဖြစ်ကြောင်း ဖော်ပြသည်။

ထိုအိမ်ကို ရှာဖွေစဉ်အတွင်း လာရောက်တွေ့ဆုံသော တရုတ်အမျိုးသားတစ်ဦးကို ထပ်မံတွေ့ရှိခဲ့ပြီး ၎င်းကို ဆက်သွယ်ရေးပစ္စည်းများနှင့် ဘဏ်အကောင့်များပါရှိသော ကားနှင့်အတူ ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောသည်။

လူဝင်မှုကြီးကြပ်ရေးဗျူရို ၅ ၏ ရဲမှူးချုပ်စရဝုဒ်ကွန်ယိုင်က သံသယရှိသူများသည် ထိုင်းနိုင်ငံသားများကို လှည့်ဖြားနေသည့် ကောလ်စင်တာကွန်ရက်၏ အစိတ်အပိုင်းဖြစ်ကြောင်း၊ အမှုတွင် တွေ့ရှိရသော အကောင့်များနှင့် ATM ကတ်များတွင် ထိုင်းနိုင်ငံသားများ၏ အမည်များ ပါဝင်နေသောကြောင့် ထိုင်းနိုင်ငံသားများကို တိုက်ရိုက်ထိခိုက်နစ်နာစေသည့် အမှုဖြစ်ကြောင်း ထုတ်ဖော်ပြောကြားသည်။

တရုတ်ကောစင်တာသည် မည်သည့်နည်းလမ်းများကို အသုံးပြုခဲ့ပြီးလိမ်လည်ခဲ့သည်ကို သိရှိရန်ဆက်လက် စုံစမ်းစစ်ဆေးမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။ သံသယရှိသူနှင့် သက်သေခံပစ္စည်းများကို နည်းပညာမှုခင်းနှိမ်နင်းရေးဌာနခွဲထံ ပို့ဆောင်ခဲ့ပြီး အရေးယူမည်ဖြစ်ကြောင်း ထိုင်းသတင်းကဖော်ပြသည်။

Photo – MGR