နိုဝင်ဘာ 21, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
သတင်း အလုပ်သမား သတင်း

ရနောင်းမြို့နယ်တွင် မြန်မာ ၃ ဦး တရားမဝင် နေထိုင်မှုဖြင့် အဖမ်းခံရ

နိုဝင်ဘာ ၁၂ ၊ Migrant Times ။

ထိုင်းနိုင်ငံ ၊ ရနောင်းမြို့နယ်တွင် တရားမဝင် ဝင်ရောက်နေထိုင်နေသည့် မြန်မာနိုင်ငံသား ၃ ဦးအား ဖမ်းဆီးခဲ့ကြောင်း ရေကြောင်းရဲတပ်ဖွဲ့ကထုတ်ပြန်သည်။

ယမန်နေ့ ၊နိုဝင်ဘာလ ၁၁ ရက်နေ့၊ နံနက်ပိုင်း၌ ရေကြောင်းရဲတပ်ဖွဲ့က ရနောင်းမြို့နယ်၊ ဘန်ရင်တွင် မြန်မာနိုင်ငံသားများဖြစ်သော အသက် ၄၅ နှစ်အရွယ် အမျိုးသား ၁ ဦး၊ အသက် ၃၆ နှစ်အရွယ်အမျိုးသား ၁ ဦးနှင့် အသက် ၅၆ နှစ်အရွယ် အမျိုးသမီး ၁ ဦးတို့ကို ဖမ်းဆီးခဲ့ကြောင်း ထုတ်ပြန်သည်။

၎င်းတို့အား ခွင့်ပြုချက်မရှိဘဲ ထိုင်းနိုင်ငံအတွင်း ဝင်ရောက်နေထိုင်သည့် ပုဒ်မဖြင့် အမှုဖွင့်ထားပြီး ရနောင်းခရိုင် လူဝင်မှုကြီးကြပ်ရေးရုံးသို့ လွှဲပြောင်းထားကြောင်း ဖော်ပြသည်။

ရနောင်းခရိုင် လူဝင်မှုကြီးကြပ်ရေးရုံးထုတ်ပြန်ချက်အရ ထိုင်းနိုင်ငံတွင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် မြန်မာနိုင်ငံသား ၄၇ ဦးကို နိုဝင်ဘာလ ၅ ရက်နေ့က ရနောင်း အကောက်ခွန် ဆိပ်ခံတံတားမှတဆင့် မြန်မာနိုင်ငံ၊ ကော့သောင်းဘက်သို့ ပြန်လည်လွှဲပြောင်းခဲ့သည်။ အလားတူ နိုဝင်ဘာလ ၁ဝ ရက်နေ့တွင်လည်း မြန်မာနိုင်ငံသား ၉၀ ဦး အား ကော့သောင်းဘက်သို့ လွှဲပြောင်းခဲ့သည်။