နိုဝင်ဘာ ၂ဝ ၊ Migrant Times ။
ထိုင်းနိုင်ငံ ၊ ကန်ချနဘူရီမှ ဘုရားသုံးဆူအဆင်းလမ်းတွင် ကား ၅ စီး ဆင့်တိုက်မှုကြောင့် သေဆုံးခဲ့သည့် မြန်မာအလုပ်သမား ကိုရီဝေယံ၏ နစ်နာကြေး ဘတ် ၁ သန်းကျော် (၁,၁ဝဝ,ဝဝဝ)အား ရရှိခဲ့ကြောင်း ကူညီပေးခဲ့သည့် WAG အဖွဲ့ကထုတ်ပြန်သည်။
ပြီးခဲ့သည့် ဇူလိုင် ၂၃ ရက် နံနက်တွင် ကန်ချနဘူရီပြည်နယ် ၊စံခလဘူရီမြို့အဝင် အဝေးပြေးလမ်းမ တောင်အဆင်းလမ်းမ တနေရာတွင် ၁၀ ဘီး ကုန်တင်ယာဉ်တစ်စီးမှ ဘရိတ်ပေါက်ကာ အခြားမော်တော်ယာဉ် ၄ စီးအား ဆင့်ကဲတိုက်မိခဲ့ပြီး ကား ၁ စီးပေါ်ရှိ ကိုရီဝေယံအပါအဝင် မြန်မာအလုပ်သမား ၃ ဦးသေဆုံးခဲ့သည်။
ကိုရီဝေယံ၏ မိသားစုဝင်များက လိုအပ်သည့်ကိစ္စနှင့် နစ်နာကြေးပြန်လည်ရရှိရန်အတွက် WAG အဖွဲ့ထံ အကူအညီတောင်းခံခဲ့ခြင်းဖြစ်သည်။ အကူအညီတောင်းချက်အရ ဩဂုတ်လ ၇ ရက်နေ့တွင် ကိုရီဝေယံ၏ ရုပ်အလောင်းအားသင်္ဂြီုလ်ပေးခဲ့ပြီး နစ်နာကြေးအား ယမန်နေ့(နိုဝင်ဘာလ ၁၉ ရက်)တွင်ရရှိခဲ့ကြောင်း WAG အဖွဲ့ကထုတ်ပြန်သည်။
“ ကျွန်တော်တို့ကို အကူညီတောင်းတာတော့ ဒီတစ်ယောက်ပဲ ကျန်တဲ့လူတွေကတော့ ကျန်တဲ့အဖွဲ့အစည်းတွေနဲ့ လုပ်နေတယ်နဲ့တူတယ်။ ကျွန်တော်တို့ဆီကိုတော့ ဒီတစ်ယောက်ပဲလာတယ်။ ဒီတစ်ယောက်ကလဲ အခုရသွားပြီပေါ့နော်” ဟု WAG အဖွဲ့ခေါင်းဆောင် ကိုမုန်တိုင်းက Migrant Times ကိုပြောသည်။
