နိုဝင်ဘာ 21, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
သတင်း အလုပ်သမား သတင်း

ထိုင်းတွင် မြန်မာအလုပ်သမား ၁ ဦး ဖော့ကြိတ်စက်ထဲ ပြုတ်ကျပြီး ကြိတ်မိကာ သေဆုံး

၀င်ဘာ ၂၀ ၊ Migrant Times ။

ထိုင်းနိုင်ငံ၊ ချွန်ဘူလီခရိုင် ၊ဘန်းဘင်မြို့ရှိ စက်ရုံတရုံတွင် မြန်မာအလုပ်သမား ၁ ဦး သည် ယမန်နေ့ည ၁၀ နာရီခန့်တွင် အလုပ်လုပ်နေစဉ် မတော်တဆဖြစ်ကာ ဖော့ကြိတ်စက်ထဲသို့ လူတစ်ကိုယ်လုံးဝင်သွားပြီး ကြိတ်မိကာသေဆုံးခဲ့ကြောင်း ၎င်း၏နစ်နာကြေးရရန် ကူညီပေးနေသည့် WAG အဖွဲ့က ထုတ်ပြန်သည်။

“ လက်ရှိကတော့ ညှိနှိုင်းနေတုန်းပဲ တိတိကျကျမသိသေးဘူး။ ဒီနေ့က ညှိနေဆဲဆိုတော့ အဖြေတော့မထွက်သေးဘူး။ ဒီနေ့မှ အဖွဲ့စုံတွေနဲ့ ၀င်ဖို့ ညှိနှိုင်းနေတုန်းပဲရှိသေးတာ” ဟု WAG အဖွဲ့ခေါင်းဆောင် ကိုမုန်တိုင်း​က Migrant Times ကိုပြောသည်။

သေဆုံးခဲ့သည့် မြန်မာအလုပ်သမား ကိုသက်ဇော်သည် ပန်းရောင်ကဒ်ကိုင်ဆောင်ထားသူဖြစ်ပြီး
သူ၏ ညီကိုမောင်နှမများက သေမှုသေခင်းနှင့်ပတ်သက်ပြီး အကူအညီတောင်းခံ​ခဲ့ကြောင်း၊ သေဆုံးသူသည် ထိုစက်ရုံတွင် အလုပ်လုပ်သည်မှာ ၅ လခန့်ရှိပြီး ၄င်းအမှုနှင့်ပတ်သက်ပြီး WAG အဖွဲ့က စတင်လုပ်ဆောင်ပေးနေကြောင်း ထုတ်ပြန်ထားသည်။

ထိုင်းသတင်းများဖော်ပြချက်အရ ၎င်းစက်ရုံတွင်အလုပ်လုပ်နေသည့် အသက် ၂၄ နှစ်အရွယ်မြန်မာအလုပ်သမားသည် နာရီပေါင်းများစွာ အလုပ်လုပ်ခဲ့ရသဖြင့် အိပ်ငိုက်ကာ ကြိတ်စက်ထဲသို့ ပြုတ်ကျသွားခြင်းဖြစ်ကြောင်းသိရသည်။

ယနေ့ နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးခဲ့ပြီး ကယ်ဆယ်ရေးအဖွဲ့ဝင်များက ကြိတ်စက်ထဲမှ အပိုင်းအစများကို ဖယ်ရှားခဲ့ကြောင်းဖော်ပြသည်။
ရဲတပ်ဖွဲ့မှ အခင်းဖြစ်ပွားရာနေရာရှိ CCTV မှတ်တမ်းများကို ပြန်လည်စစ်ဆေးမည်ဖြစ်ပြီး ဥပဒေအရ ဆက်လက်ဆောင်ရွက်ကာ လုပ်ဖော်ကိုင်ဖက်များကို မေးမြန်းစစ်ဆေးသွားမည်ဟုသိရသည်။

Photo – WAG / khaosod