နိုင်ငံကူးလက်မှတ် လုပ်ဖို့ ရက်ချိန်းပေးတာကို လာမယ့်နှစ်ဆန်းမှ ပြန်စမယ်
ဒီဇင်ဘာ ၂၉ ရက်၊ Migrant Times
- နိုင်ငံကူးလက်မှတ်ပြုလုပ်ဖို့ ရက်ချိန်းပေးတာကို လာမယ့်နှစ်ဆန်းမှ ပြန်စမယ်လို့ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့နဲ့ နီးစပ်တဲ့သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။နိုင်ငံကူးလက်မှတ်ပြုလုပ်မယ့်သူတွေအတွက် အွန်လိုင်းကနေ ကြိုတင်ရက်ချိန်း ပေးတာကို ဒီဇင်ဘာလဆန်းကရပ်ဆိုင်းခဲ့တာ ဖြစ်ပါတယ်။နိုင်ငံကူးလက်မှတ်ပြုလုပ်မယ့်သူကိုယ်တိုင် ရက်ချိန်း QR Code ရစေမယ့် နည်းစနစ်ကို ပြောင်းလဲဖို့ ခေတ္တ ရပ်ဆိုင်းထားတာဖြစ်တယ်လို့ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
- ” နည်းပညာအသစ်နဲ့ ပြန်လက်ခံမယ့်အစီအစဥ်ကို ရှေ့တစ်ပတ်ထဲ စမယ်လို့ ပြောနေတာရှိတယ်။ ထုတ်ပြန်မှပဲ ရက်အတိအကျ သိရမယ် ” လို့ သတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။ပြန်လည်ခွင့်ပြုမယ့်စနစ်မှာ ရက်ချိန်း QR Code ရယူဖို့ လျှောက်ထားရင် လျှောက်ထားသူရဲ့ ကိုယ်လုံးပေါ် ဓာတ်ပုံဖြည့်သွင်းရမှာဖြစ်ပြီး အဲဒီပုံနဲ့ ကိုက်ညီမှသာ ရုံးအတွင်း ဝင်ရောက်ခွင့်ပြုမယ်ဆိုပြီးတော့လည်း သတင်းတွေ ထွက်နေပါတယ်။
- အခုလတ်တလောမှာတော ့အရင် ရက်ချိန်းယူထားသူတွေကို သတ်မှတ်ရက်မှာ ပြုလုပ်ပေးနေပြီး ရက်ချိန်းအသစ်ထပ်ပေးတာ မရှိသေးဘူးလို့ သိရပါတယ်။ပင်လယ်ကူးသင်္ဘောသားတွေနဲ့ ပြည်ပကိုထွက်ဖို့ နိုင်ငံကူးလက်မှတ် အရေးပေါ်လိုနေသူတွေကိုတော့ သက်ဆိုင်ရာအေဂျင်စီတွေရဲ့ထောက်ခံမှုနဲ့ သီးခြားစီစဥ်ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။
(နိုင်ငံကူးလက်မှတ် ပြုလုပ်ရန် စောင့်ဆိုင်းနေသူများကို တွေ့ရစဥ်)