ဘဏ်အကောင့်တွေကို လွယ်လွယ်မပေးကြဖို့

ဘဏ်အကောင့်တွေကို လွယ်လွယ်မပေးကြဖို့
- “ ကျွန်မအမျိုးသားကို ငွေတွေအများကြီးလွှဲပြောင်းတယ်ဆိုပြီး ဖမ်းထားတာ ”လို့ မစိုးစံက သူ့ရဲ့အမျိုးသားဖြစ်သူထိုင်းနိုင်ငံမှာ အဖမ်းခံရတဲ့အကြောင်းကို ပြောပြနေတာပါ။MoU အလုပ်သမားအဖြစ် အမျိုးသားနဲ့ အတူတူထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေထိုင်ခဲ့တာ ၆ နှစ်ရှိပြီဖြစ်ပြီး ထိုင်းနိုင်ငံမှာ နေထိုင်ခဲ့တာကတော့ အသက် ၁၀ နှစ်ရှိပြီဖြစ်တဲ့ သမီးလေးရဲ့ တစ်သက်ရှိနေပါပြီ။MoU စာချုပ်နဲ့ အလုပ်လုပ်နေတဲ့ စက်ရုံမှာ ၆ နှစ်ဆက်တိုက် အလုပ်လုပ်ကိုင်နေခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က ထိုင်းနိုင်ငံသား မိတ်ဆွေတစ်ဉီးက အမျိုးသားဖြစ်သူရဲ့ ဘဏ်ကဒ်ကိုရောင်းပေးဖို့ အကူအညီတောင်းခဲ့တယ်လို့ ဆိုပါတယ်။
- ဘဏ်အကောင့်တစ်ခုကို ထိုင်းဘတ်ငွေ ၁၅၀၀ ပေးပြီးဝယ်တာရယ်၊ ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေဖြစ်နေတာကြောင့်ရော အလွယ်တကူပဲ ဘဏ်အကောင့်ဖွင့်ပြီးရောင်းပေးခဲ့တယ်လို့ မစိုးစံက ရှင်းပြပါတယ်။ ဒီလိုမျိုး ရောင်းပေးခဲ့တာကလည်း သူတို့တစ်ဉီးတည်းမဟုတ်ဘဲ အခြားသူ ၇ ဉီးလည်းပါဝင်တယ်လို့ သိရပါတယ်။ပြီးခဲ့တဲ့ ဇန်နဝါရီလထဲမှာတော့ မစိုးစံရဲ့အမျိုးသားကို လုပ်ငန်းခွင်ထဲမှာပဲ ထိုင်းအာဏာပိုင်တွေက လာရောက်ဖမ်းဆီးခဲ့ပါတယ်။ ရဲတွေဘက်က စွပ်စွဲထားတဲ့ အမှုအကြောင်းအရာ အပြည့်အစုံကို နားမလည်ပေမယ့် ရောင်းပေးလိုက်တဲ့ ဘဏ်အကောင့်နဲ့ ပတ်သက်နေတယ် ဆိုတာကိုတော့ မစိုးစံ သိနေပါတယ်။
- “ ကျွန်တော်တို့ အလုပ်သမားတွေက သတင်းတွေကိုလက်လှမ်းမမီတာလား၊ အယုံလွယ်ကြတာလား မသိဘူး။ အဲ့လိုမျိုး ဘဏ်အကောင့်တွေ၊ ဘဏ်ကဒ်တွေ အလွယ်ဖွင့်ပြီး ပြန်ရောင်းတာ၊ သူများကိုပေးသုံးတာတွေကြောင့် ပြဿနာတက်တဲ့အကြောင်းတွေ၊ အွန်လိုင်းကနေ ငွေလိမ်ခံရတဲ့ ကိစ္စတွေ အခုနောက်ပိုင်း ခဏခဏ ကြားနေရတယ် ” လို့ AAC (လက်တွဲကူညီ)က ကိုနေလင်းသူ ပြောပါတယ်။ထိုင်းနိုင်ငံမှာ အသုံးများတဲ့ ဘဏ်အမျိုးအစား ၆ မျိုးရှိပြီး မြန်မာနိုင်ငံသားတွေအသုံးပြုလေ့ရှိတဲ့ ဘဏ်တွေကတော့ ဘန်ကောက်ဘဏ်၊ SCB ဘဏ်၊ Krungsri ဘဏ်၊ Kasikorn ဘဏ် တွေဖြစ်ပါတယ်။ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေက အများအားဖြင့် ဘဏ်အကောင့်အသုံးပြုတာထက် ဘဏ်ကဒ်ကို အသုံးများကြပါတယ်။
- AAC (မဟာမိတ်)အဖွဲ့က ရရှိတဲ့ သတင်းအချက်အလက်တွေအရ ၂၀၂၂ ခုနှစ်မှာဝင်ရောက်လာတဲ့ MoU လုပ်သားတချို့ကို သက်ဆိုင်ရာ အေဂျင်စီနဲ့ အလုပ်ရှင်တွေက ဘဏ်သုံးလေးခုမှာ အကောင့်တွေဖွင့်ခိုင်းပြီး အဲ့ဒီ ဘဏ်အကောင့်နဲ့ ဘဏ်ကဒ်တွေကို အလုပ်သမားတွေကို မပေးဘဲ သူတို့ကသိမ်းထားတာတွေရှိနေတယ်လို့ သိရပါတယ်။ဒါဟာ အလုပ်သမားတွေရဲ့ အချက်အလက်တွေကို တရားမဝင်လုပ်ငန်းတွေမှာ အသုံးချနေတာ ဖြစ်နိုင်တယ်လို့ ၂၀၂၂ ခုနှစ် စက်တင်ဘာလကတည်းက မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး လှုပ်ရှားသူတွေက သတိပေးနေခဲ့တာပါ။
- AAC (မဟာမိတ်)အဖွဲ့ ဒါရိုက်တာ ဉီးခိုင်ကြီး က “ ဒီလိုမျိုး ဘဏ်ကဒ်ကြောင့် ပြဿနာတက်တာတွေက ဟိုးအရင်ကတည်းက ရှိတယ်ဆိုပေမယ့် အခုနောက်ပိုင်းမှာ ပိုဆိုးလာတယ်။ အဆိုးဆုံးကတော့ လောင်းကစားနဲ့ မူးယစ်ဆေးဝါးရောင်းဝယ်တာတွေမှာ အသုံးပြုတာတွေပဲ ” လို့ ဆိုပါတယ်။တရားမဝင်လုပ်ငန်းတွေ ငွေကြေးစီးဆင်းမှုတွေအတွက် အလုပ်သမားတွေရဲ့ ဘဏ်အကောင့်တွေကို အသုံးပြုတာတွေ ရှိနေပြီး ဘဏ်အကောင့်ကနေတစ်ဆင့် ငွေကြေးစီးဆင်းမှုကို စုံစမ်းရင် အလုပ်သမားတွေက အရင်ဆုံးဖမ်းဆီး စစ်ဆေးခံရတာ ဖြစ်ပါတယ်။တချို့သော မူးယစ်ဆေးဝါးနဲ့ ဆက်နွယ်နေတဲ့ အမှုတွေမှာဆိုရင် တရားခံကို မဖမ်းမိမချင်း ဖမ်းဆီးချုပ်နှောင်ခံထားရလေ့ရှိပြီး AAC က ကူညီပေးနေတဲ့ အမှုတွေထဲမှာ ဆယ်စုနှစ်ချီကြာတဲ့ အမှုတွေပါရှိနေတယ်လို့ သိရပါတယ်။
- “ သူက တကယ်လုပ်တဲ့သူကို မမိမချင်း ဒီအလုပ်သမားကို ပူးပေါင်းကြံစည်သူအဖြစ် ချုပ်ထားလို့ရတယ်။ သံသယရှိတဲ့ ငွေကြေးက နည်းသည်ဖြစ်စေ များသည်ဖြစ်စေ မူးယစ်ဆေးဝါးနဲ့ဆက်နွယ်နေတာမျိုးဆိုရင် တရားခံ မပေါ်မချင်းနေပေတော့ပဲ ” လို့ ဉီးခိုင်ကြီးက ရှင်းပြပါတယ်။ဒါကြောင့် ထိုင်းက မြန်မာတွေ အပါအဝင် ပြည်ပထွက်ပြီး အလုပ်လုပ်ကိုင်နေရတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ ဘယ်သူ့ကိုမှ ယုံကြည်ပြီး ကိုယ့်ရဲ့အချက်အလက်တွေကို အလွဲသုံးစားလုပ်ခွင့် မပေးမိစေဖို့လိုအပ်ပြီး သက်ဆိုင်ရာနိုင်ငံတွေက ကိုယ်နဲ့သက်ဆိုင်တဲ့ ဉပဒေတွေကို သိနားလည်ထားဖို့ လိုအပ်တယ်လို့ ေရွှ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်နေကြသူတွေက တိုက်တွန်းကြပါတယ်။
- ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းရဲ့ အမှုဆောင်ဒါရိုက်တာ ဖြစ်သူ ဉီးထူးချစ်က သူအသုံးပြုတဲ့ လူမှုကွန်ရက် စာမျက်နှာတွေကနေတစ်ဆင့် ထိုင်းရောက်မြန်မာတွေအနေနဲ့ သက်ဆိုင်ရာ ဉပဒေတွေကို လေ့လာလိုက်နာကြဖို့ မကြာခဏ တိုက်တွန်းလေ့ရှိပါတယ်။လက်ရှိမြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ အလုပ်အကိုင်ရှားပါးမှုနဲ့ ပတ်စ်ပို့ရုံးတွေ ပိတ်ထားတာကြောင့် ထိုင်းကိုဖြစ်စေ၊ မလေးရှားကိုဖြစ်စေ သွားရောက်အလုပ်အကိုင်ရှာဖွေဖို့ တရားမဝင် ဝင်ရောက်လာသူတွေ ပိုမိုများပြားလာနေတာ။ထိုင်းနိုင်ငံတွင်းမှာရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ မကြာခဏဆိုသလို လူသတ်မှုတွေမှာ ပါဝင်ပတ်သက်နေတာ၊နိုင်ငံခြားသား အလုပ်သမားတွေအတွက် ကန့်သတ်တားမြစ်ထားတဲ့ အလုပ်တွေကို လုပ်ကိုင်နေကြသူတွေထဲမှာ မြန်မာနိုင်ငံသားတွေအများဆုံးပါဝင်နေတာ၊တရားမဝင်ငွေကြေးစီးဆင်းမှုလို့ ယူဆရတဲ့ အမှုတွေမှာ မြန်မာနိုင်ငံသား အလုပ်သမားတွေရဲ့ အချက်အလက်တွေနဲ့ဖွင့်ထားတဲ့ ဘဏ်အကောင့်တွေပါဝင်နေတာ စတဲ့အချက်တွေကြောင့် ထိုင်းအာဏာပိုင်တွေက ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းကတည်းက တင်းကြပ်တဲ့ စစ်ဆေးမှုတွေ ဆက်တိုက်လုပ်နေခဲ့တာပါ။
- ဒါကြောင့် ပိုင်ရှင်ကိုယ်တိုင်အသုံးပြုနေတာ မဟုတ်ဘူးလို့ ယူဆရတဲ့ ဘဏ်အကောင့်တွေနဲ့ ငွေ အဝင်အထွက်သံသယဖြစ်ဖွယ် ဘဏ်အကောင့်ပိုင်ရှင်တွေကို ဆက်သွယ်မေးမြန်းစုံစမ်းမှုတွေ ရှိလာနေတယ်လို့ သိရပါတယ်။“ ဘဏ်အကောင့်ဆိုတာက ကိုယ်တိုင်လက်မှတ်ထိုးပေးမှလုပ်လို့ရတာ။ ဒါကြောင့် ဒါနဲ့ပတ်သက်ပြီး တစ်ခုခုဖြစ်လာရင်လည်း အရင်ဆုံးခံရတာက ကိုယ်တိုင်ပဲ ” လို့ ပြည်တွင်းပြန်လည် ထူထောင်ရေး (IRA)က မသူက ပြောပါတယ်။
- ဘဏ်အကောင့်ကို ကိုယ်မဟုတ်တဲ့ အခြားသူတွေကို ပေးသုံးလိုက်တာကြောင့် ဖြစ်ပေါ်လာတဲ့ အမှုအခင်းတွေမှာ ပြစ်မှုကျူးလွန်သူကိုဖမ်းဆီးရမိမှ လွတ်မြောက်နိုင်မှာဖြစ်ပြီး မူးယစ်ဆေးဝါးနဲ့ဆက်နွယ်တဲ့ ကိစ္စရပ်တွေဆိုရင် ကိုယ့်ကို ပူးပေါင်းကြံစည်မှုနဲ့ အရေးယူနိုင်တဲ့ အနေအထားရှိနေပါတယ်။ဉီးခိုင်ကြီးကတော့ “ အခုချိန်ထိ လိုက်လုပ်ပေးခဲ့တဲ့ ဘဏ်အမှုတွေ တစ်ခုမှမလွတ်ဖူးသေးဘူး။ အဆင်မပြေဖူးသေးဘူး။ တကယ်ဖြစ်လာရင် ဘာမှလုပ်လို့မရဘူး၊ ထောင်ထဲနေပေတော့ပဲ။ ဒါကြောင့် ဘဏ်အကောင့် ဘဏ်ကဒ်ဟာ ဘဝ နဲ့ချီပြီး အရေးကြီးတဲ့ ကိစ္စတစ်ခုဖြစ်တယ်လို့ ပြောချင်တယ် ” လို့ အကြံပြုပါတယ်။
