ထိုင်းနိုင်ငံမှာ စားစရာ၊ နေစရာမရှိဟုဆိုကာ အကူအညီတောင်းခံထားတဲ့ စာရွက်နဲ့အတူ မြန်မာတစ်ဦးရဲ့ ရုပ်အလောင်းတွေ့
ဖေဖော်ဝါရီ ၂၃ ရက်၊ Migrant Times
- ထိုင်းနိုင်ငံက ရေမြောင်းတစ်ခုမှာ မြန်မာတစ်ဦးရဲ့ သေဆုံးရုပ်အလောင်းတွေ့ရှိခဲ့ပါတယ်။ထိုင်းနိုင်ငံ နခွန်ပထုံခရိုင် ဘန်းလင်းမြို့နယ်ထဲက ရေမြောင်းတစ်ခုမှာ မြန်မာတစ်ဦးရဲ့ သေဆုံးရုပ်အလောင်းကို ဖေဖော်ဝါရီလ ၂၀ ရက်က ဒေသစံတော်ချိန် ၁၁ နာရီလောက်မှာ အမျိုးသမီးတစ်ဦးက တွေ့ရှိခဲ့ပြီး သက်ဆိုင်ရာကို အကြောင်းခဲ့တယ်လို့ သိရပါတယ်။သေဆုံးသူဟာ စားစရာ၊ နေစရာမရှိဟုဆိုကာ အကူအညီတောင်းခံထားတဲ့ စာရွက်နဲ့အတူ တွေ့ရှိခဲ့တာပါ။
- သေဆုံးသူဟာ ဘောင်းဘီတို၊ တီရှပ်အပြာရောင်ဝတ်ဆင်ထားပြီး ခန္ဓာကိုယ်မှာ လွယ်အိတ်တစ်လုံးလွယ်လျက် တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။လွယ်အိတ်ထဲကနေ မြန်မာနိုင်ငံသားမှတ်ပုံတင်ကတ်ပြားနဲ့ အတူ တခြားကတ် နှစ်ခုကိုလည်းတွေ့ရှိခဲ့ပြီး ထိုင်းဘာသာနဲ့ ရေးသားထားတဲ့ စာတစ်စောင်ကိုတွေ့ရှိခဲ့တယ်လို့ ဒေသတွင်း မီဒီယာတွေရဲ့ ဖော်ပြချက်အရ တွေ့ရှိရပါတယ်။
- မြန်မာနိုင်ငံသားမှတ်ပုံတင်မှာတော့ မောင်သန်းရွှေ၊ အဖအမည် ဦးမောင်ကျန်းထွန်း၊ လူမျိုး ဘာသာ ရခိုင် ဗမာလို့ မြင်တွေ့ရပြီး ထိုင်းဘာသာနဲ့ရေးသားထားတဲ့ စာမှာတော့ “ကျွန်တော် မြန်မာနိုင်ငံသားတစ်ယောက်ပါ။ ကျွန်တော် လိပ်စာမရှိပါ။ စားစရာ နေစရာလည်း မရှိပါ။ စားစရာနည်းနည်းကျွေးလို့ရမလား ” လို့ ရေးသားထားပါတယ်။သေဆုံးမှုနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ ဒေသအာဏာပိုင်တွေက စစ်ဆေးခဲ့ပြီး ရုပ်အလောင်းကို Nokhon Pathom ဆေးရုံကို ပို့ဆောင်စစ်ဆေးနေတယ်လို့ သိရပါတယ်။