YFAစက်ရုံပိုင်ရှင်ကို အလုပ်သမားက တရားစွဲဆိုထားမှုအတွက် မတ်လ ၁ရက်မှာ ဒုတိယရုံးချိန်းခေါ်ထား

YFAစက်ရုံပိုင်ရှင်ကို အလုပ်သမားက တရားစွဲဆိုထားမှုအတွက် မတ်လ ၁ရက်မှာ ဒုတိယရုံးချိန်းခေါ်ထား
- YFAစက်ရုံပိုင်ရှင်ကို အလုပ်ခန့်ထားမှုဆိုင်ရာသဘောတူစာချုပ်ချိုးဖောက်မှုအတွက် အလုပ်သမားက တရားစွဲဆိုထားတဲ့အမှုနဲ့ပတ်သက်လို့ ရွှေပြည်သာမြို့နယ်တရားရုံးက မတ်လ ၁ ရက်မှာ ဒုတိယရုံးချိန်းခေါ်ထားတယ်လို့ အဲဒီအလုပ်သမားအရေးကူညီပေးနေတဲ့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်(STUM)ထံက သိရပါတယ်။အဲဒီစက်ရုံပိုင်ရှင်ကို အလုပ်သမားဖြစ်တဲ့ မအိပိုပိုလှိုင်က တရားစွဲဆိုထားတာဖြစ်ပြီး ဖေဖော်ဝါရီလ ၁၅ရက်မှာ ပထမရုံးချိန်းခေါ်ယူထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။အဲဒီပထမရုံးချိန်းမှာ အလုပ်ရှင်က တရားရုံးထံလာရောက်ခြင်းမရှိသလို တရားရုံးက ဆင့်ခေါ်တဲ့သမ္မာန်စာကိုလည်း လက်မခံခဲ့ဘူးလို့ STUM တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။
- ” အခုဒုတိယရုံးချိန်းလည်း စက်ရုံပိုင်ရှင် လာရင်ဆိုင်ဖို့ ရှိ၊ မရှိမသေချာသေးဘူး။ ဒါကတော့တရားရုံးရဲ့အပိုင်းဖြစ်သွားပြီ ” လို့ သူက ပြောပါတယ်။စက်ရုံအနေနဲ့ အလုပ်ခန့်ထားမှုဆိုင်ရာသဘောတူစာချုပ်ချိုးဖောက်တာကြောင့် စည်းကြပ်ရတဲ့ မြို့နယ်အလုပ်သမားရုံးက တရားစွဲဆိုပေးရမှာဖြစ်ပေမယ့် အလုပ်သမားရုံးက မစွဲဘဲ အလုပ်သမားကိုသာ တရားစွဲဆိုခွင့်စာထုတ်ပေးလို့ အဲဒီအလုပ်သမားက တရားစွဲရတာလို့ သိရပါတယ်။၂၀၁၃ ခုနှစ်မှာ ပြဌာန်းထားတဲ့အလုပ်အကိုင်နှင့်ကျွမ်းကျင်မှု ဖွံဖြိုးတိုးတက်ရေးဥပဒေအရ အလုပ်ခန့်ထားမှုစာချုပ်ချုပ်ဆိုဖို့ပျက်ကွက်ရင် ၆ လထက်မပိုတဲ့ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်တယ်လို့ ပြဌာန်းထားသလို စာချုပ်ချိုးဖောက်ရင် ၃ လထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်တယ်လို့ ပြဌာန်းထားပါတယ်။အခုလို စက်ရုံပိုင်ရှင်ကို အလုပ်သမားက တရားစွဲဆိုတာဟာ အထည်ချုပ်စက်ရုံလုပ်ငန်းအသိုင်းအဝိုင်းမှာ ပထမဆုံးလည်းဖြစ်ပါတယ်။