နိုဝင်ဘာ 8, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
အလုပ်သမား သတင်း

စမွတ်ဆာခွန်တွင် မြန်မာအလုပ်သမား ၃ဝ ဦးဖမ်းဆီးခံရ

နိုင်ဝင်ဘာ ၈ ၊ Migrant Times ။
ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့အနီး စမွတ်ဆာခွန်ပြည်နယ်၊ ခရထုမ်ဘဲန်မြို့နယ်ရှိ စက်ရုံတခုကို ဒေသအုပ်ချုပ်ရေးအဖွဲ့က နိုဝင်ဘာလ ၇ ရက်နေ့တွင် ဝင်ရောက်စစ်ဆေးခဲ့ပြီး အထောက်အထားမရှိသည့် မြန်မာအလုပ်သမား ၃ဝ ဦး ဖမ်းဆီးခြင်း ခံခဲ့ရသည်။
တရားမဝင် နိုင်ငံခြားသားအလုပ်သမားများ အသုံးပြုနေကြောင်းတိုင်ကြားချက်အရ အုပ်ချုပ်ရေးအဖွဲ့က စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း စမွတ်ဆာခွန်သတင်းက ယမန်နေ့တွင်ဖော်ပြသည်။
၎င်းစက်ရုံတွင် မြန်မာနိုင်ငံသားအလုပ်သမား ၆၅ ဦးလုပ်ကိုင်နေပြီး ၃၅ ဦးသည် တရားဝင်စာရွက်စာတမ်းများ ရှိကြပြီး အလုပ်သမား ၃ဝ ဦးသည် စာရွက်စာတမ်းမရှိသည်ကို တွေ့ရကြောင်း ဖော်ပြသည်။
မြန်မာအလုပ်သမား ၃ဝ ဦးအား ခွင့်ပြုချက်မရှိဘဲ အလုပ်လုပ်ခြင်း၊ ထိုင်းသို့ တရာမဝင် ဝင်ရောက်ခြင်းစသည့် စွဲချက်များဖြင့် ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ခရထုမ်ဘဲန်ရဲစခန်းသို့ လွှဲပြောင်းခဲ့ကြောင်း သိရသည်။
ထိုင်းနိုင်ငံတွင်ပြီးခဲ့သည့် အောက်တိုဘာလ ၁၆ ရက်နေ့ကလည်း စမွတ်ဆာခွန်ခရိုင် မဟာချိုင်နယ်မြေရှိ အလုပ်သမားတန်းလျားတွင် အလုပ်သမားလူသစ်မှတ်ပုံတင် (ဘတ်) တင်ဖို့စောင့်ဆိုင်းနေသည့် မြန်မာနိုင်ငံသား အလုပ်သမား ၁၃၁ ဦးကို ထိုင်းရဲများက ဝင်ရောက်ဖမ်းဆီးခဲ့သည်။
ထိုင်းနိုင်ငံတွင် တရားမဝင်ရွှေ့ပြောင်းအလုပ်သမားများ ၊ နေထိုင်ခွင့်ကုန်ဆုံးနေသူများကို ဘတ်ခေါ် နေထိုင်လုပ်ကိုင်ခွင့် (Work Permit) ပန်းရောင်ကတ် လုပ်ပေးသည့်လုပ်ငန်းစဉ်ကို ယခုနှစ်အောက်တိုဘာလ ၁၅ ရက်နေ့၌ စတင်ဆောင်ရွက်မည်ဟု အလုပ်သမားဝန်ကြီးဌာနကထုတ်ပြန်ခဲ့ပြီး နောက်တရက်တွင် ထိုင်းနယ်စပ် အခြေအနေ မတည်ငြိမ်မှုကြောင့်ဟုဆိုကာ ယာယီရပ်ဆိုင်းခဲ့သည်။
၎င်းနောက် အလုပ်သမားဝန်ကြီးဌာနက အစည်းအဝေးများ ဆက်တိုက်ကျင်းပနေပြီး ယမန်နေ့တွင် ထိုင်းနိုင်ငံတွင်း နေထိုင်အလုပ်လုပ်ကိုင်ခွင့် သက်တမ်းကုန်ဆုံးသွားသော မြန်မာ၊ လာအို၊ ၊ ဗီယက်နမ် နိုင်ငံသား အလုပ်သမားများအား ၁ နှစ်တာကာလ ယာယီနေထိုင်ခွင့်ပြုမည်ဖြစ်ကြောင်း
ထုတ်ပြန်သည်။ သို့သော်လည်း ဆွေးနွေးပွဲ ဆုံးဖြတ်ချက်များကို အစိုးရအဖွဲ့၏ အတည်ပြုချက်ရရှိရန်လိုအပ်ပြီး အမြန်ဆုံး တင်ပြသွားမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနကထုတ်ပြန်သည်။
လက်ရှိ ဘတ်လုပ်ခွင့်ယာယီရပ်ဆိုင်းထားချိန်တွင် အထောက်အထားမရှိသည့် မြန်မာအလုပ်သမားများ အဖမ်းခံရနိုင်သည့်အတွက် သတိဖြင့်သွားလာ နေထိုင ကြရန် ရွှေ့ပြောင်းအလုပ်သမားရေးဆောင်ရွက်သူအချို့က Migrant Times ကိုအကြံပြု ပြောကြားထားသည်။
(ဆက်စပ်သတင်းကြည့်ရန်)
“ ဘတ်” ဘယ်တော့ ပြန်ဖွင့်မလဲ