ထိုင်းမှာ MoU နဲ့လာတဲ့မြန်မာလုပ်သားတွေ အလုပ်ထုတ်ခံရမှု ဆက်တိုက်ဖြစ်နေ၊ လေးရက်အတွင်း တစ်ထောင်ကျော် အလုပ်ထုတ်ခံရ

ထိုင်းမှာ MoU နဲ့လာတဲ့မြန်မာလုပ်သားတွေ အလုပ်ထုတ်ခံရမှု ဆက်တိုက်ဖြစ်နေ၊ လေးရက်အတွင်း တစ်ထောင်ကျော် အလုပ်ထုတ်ခံရ

ဧပြီ ၃ ရက်၊ Migrant Times
  • ထိုင်းနိုင်ငံမှာ နှစ်နိုင်ငံသဘောတူစာချုပ်(MoU)နဲ့ လာရောက်အလုပ်လုပ်ကိုင်ကြတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အလုပ်ထုတ်ခံရမှု အခုရက်ပိုင်းမှာဆက်တိုက်ဖြစ်ပေါ်နေပြီး အချို့စက်ရုံတွေမှာ ထောင်နဲ့ချီအလုပ်ထုတ်ပယ်တာတွေ ပြုလုပ်နေပါတယ်။ပြီးခဲ့တဲ့ မတ်လ ၃၀ ရက်က မဟာချိုင်မှာရှိတဲ့ Cal-Comp Electronics စက်ရုံကနေ မြန်မာရွှေ့ပြောင်း MoU လုပ်သား ၁,၀၆၀ ဦးကို လုပ်ငန်းခွင်လိုအပ်ချက်ကြောင့် လူလျှော့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အလုပ်ကထုတ်ပယ်ခဲ့ပါတယ်။“ MoU နဲ့လာရင်တောင် လူကုန်ကူးခံနေရပါတယ်ဆိုမှ အခုကကျ အလုပ်ပါအထုတ်ခံနေရပြီ။ စာချုပ်မှာက အဲ့လိုမျိုးလုပ်လို့မရဘူး သတ်မှတ်ထားပြီးသား။ အလုပ်ရှင်က နစ်နာကြေးပေးတယ် ဆိုရင်တောင် အလုပ်သမားတွေလိုအပ်တာက လုပ်ငန်းခွင်တည်မြဲရေးပဲ ”လို့ မြန်မာရွှေ့ပြောင်းလုပ်စားတွေအရေးကူညီပေးနေတဲ့ မဟာချိုင်အခြေစိုက် AAC (မဟာမိတ်)အဖွဲ့ရဲ့ သတင်းနဲ့ပြန်ကြားရေး တာဝန်ခံ ကိုနေလင်းသူက ပြောပါတယ်။
  • ယမန်နေ့ ဧပြီ ၂ ရက်ကလည်း MoU မြန်မာလုပ်သား ၃၀၀ ကျော် အလုပ်ထုတ်ခံရမှုရှိတယ်လို့ ကိုရဲမင်း(MHAC)က သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာမှာ တင်ထားပါတယ်။ယခင် အလုပ်သမားသံအရာရှိဟောင်း ဦးဝေလင်းမောင်က “ အခုထိုင်းမှာက အလုပ်အမှာစာမရတဲ့ ပြဿနာဖြစ်နေတယ် ဒီတော့ တချို့စက်ရုံတွေဆိုရင် ပိတ်ရမလိုတွေတောင်ဖြစ်နေတာကို MoU နဲ့ပဲဖြစ်ဖြစ် ဘာနဲ့ပဲဖြစ်ဖြစ် ထိုင်းမှာက အလုပ်အကိုင်တွေ အရမ်းရှားနေပြီ ”လို့ သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာကနေ သတိပေးထားပါတယ်။ပြီးခဲ့တဲ့ ၂၀၂၂ကတည်းက မြန်မာရွှေ့ပြောင်းလုပ်သားတွေကို အလုပ်ထုတ်မှုတွေ ဆက်တိုက်ဖြစ်နေပြီး အများစုက ပန်းရောင်ကဒ်နဲ့ အလုပ်လုပ်ကိုင်နေကြသူတွေဖြစ်ကြပြီး လက်ရှိအချိန်မှာတော့ MoU လုပ်သားတွေပါ ပါဝင်လာတာဖြစ်ပါတယ်။
  • ထိုင်းနိုင်ငံကို MoU နဲ့ သွား‌ရောက်အလုပ်လုပ်ကိုင်နိုင်ဖို့အတွက် ၂၀၂၂ မေလမှာ ပြန်လည်ဖွင့်လှစ်ခဲ့ပါတယ်။ ဒါပေမယ့် နှစ်နိုင်င်ငံ အေဂျင်စီတွေရဲ့ ဥပဒေမလိုက်နာမှု၊ စက်ရုံတွေဘက်က စာချုပ်ချိုးဖောက်မှုတွေနဲ့ တာဝန်ယူမှု တာဝန်ခံမှုမရှိတာတွေကြောင့် MoU နဲ့ ထိုင်းရောက်ပြီးမှ အလုပ်မရှိဘဲ အခက်အခဲမျိုးစုံကြုံတွေ့နေရသူတွေ သောင်းနဲ့ချီပြီးရှိနေပါတယ်။ယခုနှစ်မှာတော့ MoU လုပ်သားတွေကို အကြောင်းပြချက် ခိုင်ခိုင်လုံလုံမရှိဘဲ အလုပ်ထုတ်မှုတွေ၊ လုပ်ငန်းခွင် ပိတ်သိမ်းမှုတွေ၊ လုပ်သားလျော့ချမှုတွေ ဆက်တိုက်ပြုလုပ်လာနေတာ ဖြစ်တယ်လို့အလုပ်သမားရေး လှုပ်ရှားသူတွေက ဆိုကြပါတယ်။
အလုပ်ထုတ်ခံရတဲ့ MoU လုပ်သားတွေ နစ်နာကြေးရရှိရေး AAC တွင် ဆွေးနွေးနေကြစဉ်။ ဓာတ်ပုံ – Hla Khaing

Similar Posts

Leave a Reply

Your email address will not be published. Required fields are marked *