မင်္ဂလာဒုံမြို့နယ်မှာ စက်ရုံအလုပ်သမားတွေရဲ့ကိုယ်ရေးအချက်အလက်ကောက်နေလို့ အလုပ်သမားတွေစိတ်မလုံမခြုံဖြစ်နေ

မင်္ဂလာဒုံမြို့နယ်မှာ စက်ရုံအလုပ်သမားတွေရဲ့ကိုယ်ရေးအချက်အလက်ကောက်နေလို့ အလုပ်သမားတွေစိတ်မလုံမခြုံဖြစ်နေ
- မင်္ဂလာဒုံစက်မှုဇုန်မှာ စက်ရုံအလုပ်သမားတွေရဲ့ကိုယ်ရေးအချက်အလက်ကိုကောက်နေတာကြောင့် စိတ်မလုံမခြုံဖြစ်နေကြရတယ်လို့ အလုပ်သမားတချို့က ပြောပါတယ်။လုံခြုံရေးအကြောင်းပြချက်နဲ့ အဲဒီမြို့နယ်က အလုပ်သမားတွေရဲ့ကိုယ်ရေးအချက်အလက်၊မိသားစုဆွေမျိုးတွေအကြောင်းပါထည့်သွင်းကောက်ယူနေတာဖြစ်ပြီး ကိုယ်ရေးကိုယ်တာမလုံခြုံမှုခံစားရတယ်ဆိုပြီး သူတို့က ဆိုပါတယ်။”ပုဂ္ဂိုလ်ရေးမလုံခြုံသလိုခံစားရတယ်။အလုပ်သမားတော်တော်များများကဒါကိုသဘောမကျဘူး”လို့ မင်္ဂလာဒုံစက်မှုဇုန်အလုပ်သမားသမဂ္ဂခေါင်းဆောင်တစ်ဦးကပြောပါတယ်။
- အဲဒီကိုယ်ရေးအချက်အလက်ကောက်ယူတာကို ဧပြီလကုန်ကတည်းကလုပ်ဆောင်နေတာဖြစ်ပြီး အခုထိစက်ရုံတစ်ရုံချင်းအလိုက် စာရင်းပြုစုနေတယ်လို့သိရပါတယ်။စာရင်းကောက်ယူတာကို စက်ရုံတာဝန်ခံတွေက ဦးစီးဦးဆောင်ပြုလုပ်ပေးနေပြီး အချက်အလက်ဖြည့်ဖို့ငြင်းဆန်မရအောင် ဖိအားပေးစေခိုင်းတာတွေရှိနေတယ်လို့လည်း စက်ရုံအလုပ်သမားတစ်ဦးကဆိုပါတယ်။”သဘောမတူလည်းသူတို့ခိုင်းသလိုလုပ်ရတာပေါ့။အချက်အလက်အားလုံးမှန်ကန်ဖို့ကတော့အာမမခံဘူး”လို့ ပြောပါတယ်။
- လက်ရှိမှာ နယ်မှရွှေ့ပြောင်းရောက်ရှိလာကြတဲ့အလုပ်သမားတွေကို လုံခြုံရေးအကြောင်းပြချက်နဲ့စောင့်ကြည့်ခံနေရတာရှိသလို ဧည့်စာရင်းတိုင်ကြားနေထိုင်နေကြရပါတယ်။ဧည့်စာရင်းတိုင်တဲ့အခါမှာလည်း စစ်ကိုင်း၊မကွေးစတဲ့ဒေသမှတ်ပုံတင်ကိုင်ဆောင်ထားသူတွေဟာ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ရဲ့အမျိုးမျိုးရစ်တာတွေခံနေကြရတယ်လို့အလုပ်သမားတွေကဆိုပါတယ်။