ကိုရီးယားဘာသာအရည်အချင်းစစ် အထူးသီးသန့်စာမေးပွဲကို အောက်တိုဘာလဆန်းမှာ ကျင်းပမယ်လို့ဆို

ကိုရီးယားဘာသာအရည်အချင်းစစ် အထူးသီးသန့်စာမေးပွဲကို အောက်တိုဘာလဆန်းမှာ ကျင်းပမယ်လို့ဆို

စက်တင်ဘာ ၁ ရက်
အရုဏ်ဦး၊ Migrant Times
  • ကိုရီးယားဘာသာအရည်အချင်းစစ် အထူးသီးသန့်စာမေးပွဲ(Special EPS TOPIK)ကို အောက်တိုဘာလဆန်းမှာ ကျင်းပမယ်လို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ(POEA-EPS)က သတင်းထုတ်ပြန်ထားပါတယ်။အဲဒီစာမေးပွဲဖြေဆိုခွင့်လျှောက်လွှာကို စက်တင်ဘာ ၄ ရက်မှာ စတင်လက်ခံမှာဖြစ်ပြီး စာမေးပွဲကိုတော့ အောက်တိုဘာလ ၄ ရက်ကနေ ၂၀ ရက်အထိ ကျင်းပမယ်လို့ ဆိုပါတယ်။တောင်ကိုရီးယားနိုင်ငံက ခေါ်ယူတဲ့လုပ်ငန်းအမျိုးအစားတွေဖြစ်တဲ့ ကုန်ထုတ်၊ ဆောက်လုပ်ရေးနဲ့ စိုက်/ မွေးလုပ်ငန်းတွေအတွက် ဝင်ရောက်ဖြေဆိုနိုင်မှာဖြစ်ပြီး အမှတ် ၂၀၀ ပေးထားတဲ့အနက် အမှတ် ၁၁၀ အထက်ရရှိသူတွေရဲ့ အမှတ် အနည်း၊ အများအလိုက် အောင်ချက်ပေးမယ်လို့လည်း ကြေညာထားပါတယ်။
  • အဲဒီစာ​မေးပွဲဟာတောင်ကိုရီးယားနိုင်ငံမှာ သုံးနှစ်အထက်နေထိုင်လုပ်ကိုင်ခဲ့ဖူးပြီး မြန်မာနိုင်ငံပြန်လည်ရောက်ရှိနေတဲ့ အလုပ်သမားဟောင်းတွေအတွက် ရည်ရွယ်ပြုလုပ်မှာဖြစ်ပြီး ဝင်ရောက်ဖြေဆိုနိုင်တဲ့ အလုပ်သမားတွေစာရင်းကိုလည်း POEA-EPS က ထုတ်ပြန်ပါတယ်။လက်ရှိအချိန်အထိ ဝင်ရောက်ဖြေဆိုခွင့်ရှိသူဦးရေ ၁၅,၀၀၀ ကျော်အထိရှိနေပြီး ဖြေဆိုလိုသူတွေအနေနဲ့ အွန်လိုင်းကနေ လျှောက်ထားရမှာဖြစ်တယ်လို့ ဆိုပါတယ်။” လုပ်သားဟောင်းတွေအတွက်ကတော့ အထူးအခွင့်အရေးပဲ။ လုပ်သားသစ်တွေအတွက် စာမေးပွဲက နောက်နှစ်လောက်မှ ရှိမယ်ကြားတယ် ” လို့ ကိုရီးယားဘာသာသင်တန်းကျောင်းဖွင့်လှစ်ထားသူတစ်ဦးက ပြောပါတယ်။
  • Special EPS TOPIK စာမေးပွဲဝင်ရောက်ဖြေဆိုမယ့်သူတွေအနေနဲ့ အသက် ၁၈ နှစ်ကနေ ၃၉ နှစ်အတွင်းရှိရမှာဖြစ်ပြီး တောင်ကိုရီးယားနိုင်ငံမှာ E-9 ၊ E-10 ဗီဇာနဲ့ ၅ နှစ်အထက်နေထိုင်ဖူးသူ၊ ထောင်ဒဏ်ပြစ်ဒဏ်ကျဖူးပြီး မြန်မာနိုင်ငံမှ ပြည်ပထွက်ခွာခွင့်တားမြစ်ခံရသူ၊ တစ်ဖက်နိုင်ငံမှ နှင်ထုတ်ခံထားရဖူးသူတွေ ဖြေဆိုခွင့်ရမှာမဟုတ်ဘူးလို့လည်း ကြေညာထားပါတယ်။တောင်ကိုရီးယားအလုပ်အကိုင်အတွက် EPS-Topikစာမေးပွဲကို မကြာခင်ကမှ ကျင်းပခဲ့ပြီး အခုသီးသန့်စာမေးပွဲ လုပ်ဖို့ စီစဥ်နေတာဖြစ်ကာ နောက်ထပ် EPS-Topik စာမေးပွဲ ကျင်းပမယ့်ရက်ကိုတော့ သက်ဆိုင်ရာက ထုတ်ပြန်ထားတာ မရှိသေးပါဘူး။လက်ရှိ တောင်ကိုရီးယားနိုင်ငံမှာ EPSစနစ်နဲ့ မြန်မာလုပ်သား ၅၀,၀၀၀ နီးပါးရောက်ရှိလုပ်ကိုင်နေတယ်လို့ အဲဒီနိုင်ငံက အလုပ်သမားအရေးလှုပ်ရှားသူတွေက ဆိုပါတယ်။

Similar Posts

Leave a Reply

Your email address will not be published. Required fields are marked *