အနည်းဆုံးအခကြေးငွေနှုန်းထားအသစ် ၅,၈၀၀ သတ်မှတ်ကြောင်း စာထွက်လာ

အနည်းဆုံးအခကြေးငွေနှုန်းထားအသစ် ၅,၈၀၀ သတ်မှတ်ကြောင်း စာထွက်လာ

အောက်တိုဘာ ၇ ရက်
အရုဏ်ဦး၊ Migrant Times
  • မြန်မာနိုင်ငံရဲ့အနည်းဆုံးအခကြေးငွေနှုန်းထားကို တစ်ရက် ၅,၈၀၀ ကျပ် သတ်မှတ်လိုက်တယ်ဆိုပြီး အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးဆိုင်ရာအမျိုးသားကော်မတီက ထုတ်ပြန်လိုက်တယ်ဆိုတဲ့စာဟာ မနေ့ညက လူမှုကွန်ရက်မှာ ပြန့်နှံ့ခဲ့ပါတယ်။စစ်ကောင်စီက ဌာနဆိုင်ရာဝန်ထမ်းတွေကို ထောက်ပံ့ကြေး ကျပ်တစ်ထောင် တိုးမြှင့်ပေးလိုက်တယ်ဆိုတဲ့ကြေညာချက် ထွက်ပြီးရက်ပိုင်းအကြာမှာ ပုဂ္ဂလိကလုပ်သားတွေရဲ့အနည်းဆုံးအခကြေးငွေနှုန်းထားသတ်မှတ်ချက် ထွက်လာတာဖြစ်ပါတယ်။ဒါပေမဲ့ ထွက်ပေါ်လာတဲ့နှုန်းထားအသစ်ဟာ တစ်ရက်လုပ်ခအနည်းဆုံးသတ်မှတ်ချက်မဟုတ်ဘဲ ဌာနဆိုင်ရာနေ့စားဝန်ထမ်းတွေနည်းတူ ထောက်ပံ့ကြေးကျပ်တစ်ထောင်တိုးမြှင့်ပေးဖို့ဆိုတဲ့သဘော ဖြစ်ပါတယ်။
  • အဲဒါကြောင့် အလုပ်သမားတွေရဲ့အချိန်ပိုကြေးတွက်ချက်ရာမှာ ၅,၈၀၀နှုန်းနဲ့မဟုတ်ဘဲ ၄,၈၀၀ကျပ်ကိုပဲ အခြေခံမှာဖြစ်တာကြောင့် အလုပ်သမားတွေအတွက် သိသာစွာတိုးလာနိုင်စရာမရှိဘူးလို့ ဝေဖန်မှုတွေ ရှိနေပါတယ်။” ဟန်ပြသက်သက်ပါပဲ။ အလုပ်သမားတွေရဲ့အသံကိုကိုယ်စားမပြုဘဲ ဟန်ပြတိုးပေးတာလို့ပဲ ပြောရမှာ ” လို့ စက်ရုံလုပ်သားတစ်ဦးက ပြောပါတယ်။မြန်မာနိုင်ငံရဲ့အနည်းဆုံးအခကြေးငွေနှုန်းထားဖြစ်တဲ့ ၄,၈၀၀ ကျပ်ဟာ ခြောက်နှစ်ကြာပြီဖြစ်ပြီး တိုးမြှင့်သတ်မှတ်ပေးဖို့ အကြိမ်ကြိမ်ပျက်ကွက်ခဲ့တာဖြစ်ပါတယ်။အခုကြေညာတာဟာလည်း နှုန်းထားအသစ်မဟုတ်ဘဲ ထောက်ပံ့ငွေ ကျပ်တစ်ထောင်တိုးဖို့သာ ဖြစ်တာကြောင့်အလုပ်သမားတွေ မျှော်လင့်ထားတာနဲ့ ကွာဟနေပါတယ်။
  • လက်ရှိမှာအလုပ်သမားတွေက ကြီးမြင့်လာတဲ့ကုန်စျေးနှုန်းနဲ့ အနည်းဆုံးလုပ်ခသတ်မှတ်ဖို့ ပျက်ကွက်ခဲ့တဲ့ကာလတွေအပေါ် မူတည်ပြီး တစ်ရက်ကို အနည်းဆုံးကျပ် ၈,၀၀၀ကနေ ကျပ် ၁၀,၀၀၀ သတ်မှတ်ပေးဖို့တောင်းဆိုထားကြတာဖြစ်ပါတယ်။အခုအနည်းဆုံးအခကြေးငွေပြင်ဆင်သတ်မှတ်တယ်ဆိုတဲ့စာဟာ လူမှုကွန်ရက်မှာသာ ပြန့်နေတာဖြစ်ပြီး စစ်ကောင်စီအလုပ်သမားဝန်ကြီးဌာနနဲ့ အစိုးရမီဒီယာတွေပေါ်မှာတော့ အောက်တိုဘာ ၆ ရက်ညပိုင်းအထိ အတည်ပြုဖော်ပြထားတာမရှိသေးပါဘူး။

Similar Posts

Leave a Reply

Your email address will not be published. Required fields are marked *