မလေးရှားတွင် မြန်မာလုပ်သားများ ဥပဒေမဲ့ ဖမ်းဆီးနှိပ်စက်ခြင်းခံနေရကြောင်းထုတ်ပြန်

မလေးရှားနိုင်ငံတွင် အာဏာပိုင်များသည် မြန်မာအလုပ်သမားများအပါအဝင် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများကိုဖမ်းဆီးပြီး ဥပဒေမဲ့ နှိပ်စက်ခြင်းများပြုလုပ်နေကြောင်း ထိုင်းအခြေစိုက် Fortify Rights လူ့အခွင့်အရေးအဖွဲ့က ဇွန်လ ၁၈ ရက်နေ့တွင်ထုတ်ပြန်သည်။
Fortify Rights အဖွဲ့သည် ကွာလာလမ်ပူ၊ ကလန်းနှင့် မူအာရှိ လူဝင်မှုကြီးကြပ်ရေး စစ်ဆင်ရေးအတွင်း ဖမ်းဆီးခံခဲ့ရသူ ၁၇ ဦးနှင့် မျက်မြင်သက်သေများကို တွေ့ဆုံမေးမြန်းခဲ့သည်။
မလေးရှား လူဝင်မှုကြီးကြပ်ရေး စစ်ဆင်ရေးတွင် ဥပဒေမဲ့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် ဒုက္ခသည်များက ၎င်းတို့အား ရိုက်နှက်ခြင်း၊ အဝတ်အစားများ အတင်းအကြပ် ချွတ်၍ အချိန်ကြာမြင့်စွာ ကိုယ်လုံးတီးထားခြင်း၊ အရှက်ခွဲခြင်းနှင့် ထိန်းသိမ်းခံရစဉ်အတွင်း အခြေခံလိုအပ်ချက်များကို ငြင်းပယ်ခံရခြင်းတို့ ကြုံတွေ့ခဲ့ရကြောင်း Fortify Rights အဖွဲ့ကို ပြောကြားသည်။
မလေးရှား အာဏာပိုင်များသည် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများကို ပစ်မှတ်ထားသော စစ်ဆင်ရေးများကို မကြာမီကာလက ဆောင်ရွက်ခဲ့ပြီး ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) တွင် မှတ်ပုံတင်ထားသည့် ဒုက္ခသည်များကိုလည်း ဖမ်းဆီးထိန်းသိမ်းခဲ့သည်။
Fortify Rights အဖွဲ့က တွေ့ဆုံမေးမြန်းခံရသူများတွင် မြန်မာနိုင်ငံမှ ရိုဟင်ဂျာ၊ ရခိုင်၊ ဗမာ၊ မွန်နှင့် ကချင်ဒုက္ခသည်များ ပါဝင်သည်။ ၎င်းတို့က လွန်ခဲ့သည့်လများအတွင်း မလေးရှား လူဝင်မှုကြီးကြပ်ရေး စစ်ဆင်ရေးများတွင် ဥပဒေမဲ့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကြောင်းပြောကြားသည်။
UNHCR တွင် မှတ်ပုံတင်ထားသူ၊ အသက် ၅၈ နှစ်အရွယ် ရိုဟင်ဂျာဒုက္ခသည် “ဆိုင်ဖူလ်” က ၂ဝ၂၅ ခုနှစ် အစောပိုင်းတွင် Semenyih IDC ၌ ထိန်းသိမ်းခံခဲ့ရပြီး လူဝင်မှုကြီးကြပ်ရေး အရာရှိများသည် အကျဉ်းသားများကို ပြစ်ဒဏ်ပေးသည့် ပုံစံဖြင့် နှိပ်စက်ခဲ့ကြောင်း Fortify Rights အား ပြောကြားခဲ့သည်။
“အရာရှိတွေက အကျဉ်းသားတွေကို နားရွက်ဆွဲပြီး အကြိမ်တစ်ရာ ထိုင်ထ လုပ်ခိုင်းတယ်။ သူတို့ က ဝတ်ထားတဲ့ အဝတ်အစားတွေ၊ အတွင်းခံတွေပါမကျန် အကုန်ချွတ်ခိုင်းခဲ့တယ်” ဟု ဆိုင်ဖူလ်က ပြောကြားသည်။
၂ဝ၂၄ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် မလေးရှားအစိုးရသည် “ရွှေ့ပြောင်းနေထိုင်သူများ ပြန်ပို့ရေး အစီအစဉ်” ကို တစ်နှစ်ကြာ စတင်ခဲ့ပြီး ယင်းအစီအစဉ်တွင် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများအား ၎င်းတို့၏ ဇာတိနိုင်ငံများသို့ ပြန်လည်ပို့ဆောင်ရန် သဘောတူပါက လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သည်။
မလေးရှားတွင် အချို့ရွှေ့ပြောင်းနေထိုင်သူများသည် မြန်မာနိုင်ငံမှ လာကြပြီး ၎င်းတို့သည်မှုရင်းနိုင်ငံသို့ အန္တရာယ်ကင်းစွာ ပြန်မသွားနိုင်ကြပေ။
၂၀၂၅ ခုနှစ် မေလ ၁၇ ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီး Saifuddin Nasution Ismail က အစီအစဉ်ကို နောက်ထပ်တစ်နှစ် ထပ်မံတိုးမြှင့်ခဲ့သည်။
ပြည်ထဲရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော အချက်အလက်များအရ ၂ဝ၂၅ ခုနှစ် ဇန်နဝါရီလမှ မေလ ၁၃ ရက်နေ့အထိ လူဝင်မှုကြီးကြပ်ရေး အာဏာပိုင်များသည် လူ ၃၄,၂၈၇ ဦးကို ဖမ်းဆီးခဲ့ပြီး ယခုနှစ်၏ ပထမလေးလအတွက် တစ်လလျှင် ပျမ်းမျှ ၇,၈ဝဝ ခန့် ဖမ်းဆီးမှုရှိခဲ့သည်။
Fortify Rights ၏ ထုတ်ပြန်ချက် အရ ၂ဝ၂၄ ခုနှစ်မှ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ဖမ်းဆီးမှု ပျမ်းမျှအရေအတွက်သည် တစ်လလျှင် ၃,၉ဝဝ ခန့် တိုးလာခဲ့ပြီး ၂ဝ၂၃ ခုနှစ်တွင် တစ်လလျှင် ပျမ်းမျှ ၂,၃ဝဝခန့် ဖမ်းဆီးမှုနှင့် နှိုင်းယှဉ်ပါက သုံးဆကျော် တိုးလာခဲ့သည်။
ဖမ်းဆီးခံရသူများက လူဝင်မှုကြီးကြပ်ရေး အရာရှိများသည် ဒုက္ခသည်အဖြစ် သက်သေပြနိုင်သည့် အထောက်အထားများ၊ UNHCR မှ ကတ်ကိုင်ဆောင်သူများအပါအဝင် တရားဝင် ကုလသမဂ္ဂ စာရွက်စာတမ်းများကို ဖျက်ဆီးခဲ့ကြောင်း ပြောကြားခဲ့သည်။
UNHCR တွင် မှတ်ပုံတင်ထားသည့် ရိုဟင်ဂျာဒုက္ခသည် အမာက
“ကျွန်တော်တို့ ဒုက္ခသည်ကတ်က အဲ့ဒီအချိန်မှာ တရားဝင်မှုမရှိဘူး၊ တန်ဖိုးမရှိဘူး။ ကျွန်တော် ပြတော့… သူတို့က ဒီကတ်က အသုံးမဝင်ဘူး၊ ကုလသမဂ္ဂ ကတ်တွေ ပြစရာမလိုဘူး။ ပတ်စပို့ရှိရင် ပြလို့ ပြောတယ်။”
UNHCR တွင် မှတ်ပုံတင်ထားသည့် မြန်မာနိုင်ငံမှ အသက် ၄၇ နှစ်အရွယ် ရခိုင်တိုင်းရင်းသား ဒုက္ခသည် ကိုထွန်း ကလည်း ၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် ကွာလာလမ်ပူအလယ်ပိုင်းရှိ ၎င်း၏ အလုပ်နေရာကို စစ်ဆေးခံရစဉ် အာဏာပိုင်များက ၎င်းအား ခြိမ်းခြောက်ခဲ့သည်။
“မင်း UNHCR ကတ်က တရားဝင်မှုမရှိဘူး၊ ငါဆုတ်ဖြဲပြီး မင်းကို ထောင်ချမယ်” ဟုခြိမ်းခြောက်ခဲ့ကြောင်းသူကပြောသည်။
ထိန်းသိမ်းခံရသူများသည် မိသားစု၊ ဥပဒေကိုယ်စားလှယ်များနှင့် UNHCR တို့အပါအဝင် အပြင်လောကနှင့် အဆက်အသွယ် ပြုလုပ်နိုင်မှု အလွန်နည်းပါးကြောင်းဝန်ခံကြသည်။
အချို့အကျဉ်းသားများမှာ ငွေကြေးအများအပြား တံစိုးလက်ဆောင်ပေးပြီးမှသာ သူငယ်ချင်းများ သို့မဟုတ် မိသားစုများကို ဖုန်းခေါ်ဆိုနိုင်ခဲ့သည်။
ကိုထွန်းက “ကျွန်တော် နာရီဝက် စကားပြောဖို့ ရင်းဂစ် ၃ဝဝ (အမေရိကန်ဒေါ်လာ ၆၈)ပေးရတယ်။ CCTV ကို ရှောင်ဖို့ တံခါးနောက်မှာ ပုန်းနေရတယ်” ဟုပြောသည်။
မလေးရှားက UNHCR ဒုက္ခသည်အဆင့်အတန်းကို တရားဝင် အသိအမှတ်မပြုသော်လည်း လက်တွေ့တွင် အာဏာပိုင်များသည် မှတ်ပုံတင်ထားသည့် ဒုက္ခသည်များကို “အတည်ပြုခြင်း” လုပ်ငန်းစဉ်အဖြစ် နှစ်ပတ်ကြာ ထိန်းသိမ်းထားလေ့ရှိသည်။
မလေးရှား၏ လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေ ၁၉၅၉/၆၃ အရ “တရားဝင် ဝင်ခွင့်ပါမစ်” မရှိသူ မည်သူမဆို “တရားမဝင်” သို့မဟုတ် “တားမြစ်ထားသော” ရွှေ့ပြောင်းနေထိုင်သူဟု သတ်မှတ်သည်။ အက်ဥပဒေ ပုဒ်မ ၃၅ အရ အရာရှိများသည် မည်သူ့ကိုမဆို “ဝရမ်းမပါဘဲ” ဖမ်းဆီးနိုင်သည်။
မလေးရှားအာဏာပိုင်များသည် ၎င်းတို့၏ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းများ (IDCs) တွင် နှိပ်စက်ညှဉ်းပန်းမှုများကို ရပ်တန့်ပြီး ရွှေ့ပြောင်းနေထိုင်သူများကို ဥပဒေမဲ့ ဖမ်းဆီးခြင်းကို ရပ်တန့်ရမည်ဟု Fortify Rights အဖွဲ့က ထုတ်ပြန်ပြောဆိုထားသည်။
ဓာတ်ပုံ – ToJIM(Melaka)
မလေးရှားတွင် တရားမဝင်ရွှေ့ပြောင်းလုပ်သားများ ဖမ်းဆီးစစ်ဆေးမှုမြင်ကွင်း(ပုံဟောင်း)။