ထိုင်း-ကမ္ဘောဒီးယား ခေါင်းဆောင်များက အပစ်ရပ်ရန်ကြေညာ

ဇူလိူင် ၂၈ ၊ Migrant Times

ထိုင်း-ကမ္ဘောဒီးယား နှစ်နိုင်ငံခေါင်းဆောင်များက ယနေ့ (ဇူလိုင် ၂၈) သန်းခေါင်ယံမှစကာအပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို စတင်မည်ဖြစ်ကြောင်း ကြေညာလိုက်သည်။

ထိုင်း-ကမ္ဘောဒီးယားနယ်စပ်တွင် ဇူလိုင် ၂၄ ရက်တွင် စတင်ခဲ့သည့် တိုက်ပွဲများရပ်တန့်ရန်အတွက်ယနေ့ ဇူလိူင်လ ၂၈ ရက်နေ့တွင် ထိုင်းယာယီဝန်ကြီးချုပ် ဖူထမ် ဝက်ချယာချိုင်းနှင့်ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်တို့သည် မလေးရှားနိုင်ငံတွင် တွေ့ဆုံခဲ့ကြသည်။

အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ မလေးရှားနိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် သံတမန်ရေးရာ ဆွေးနွေးမှုပြုလုပ်ပြီးနောက် မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင် နှင့်ပူးတွဲကျင်းပသည့်သတင်းစာရှင်းလင်းပွဲတွင် ထိုင်း-ကမ္ဘောဒီးယား ခေါင်းဆောင်များက ပြောကြားခြင်းဖြစ်သည်။

ထိုင်း-ကမ္ဘောဒီးယား နှစ်နိုင်ငံခေါင်ဆောင်များက နံနက်ဖြန် ဇူလိူင်လ ၂၉ ရက် ၊နံနက် ၇ နာရီတွင် စစ်ဘက်ဆိုင်ရာ ဆွေးနွေးပွဲများ ပြုလုပ်မည်ဖြစ်ပြီး သြဂုတ် ၄ ရက်တွင် JBC (ပူးတွဲနယ်ခြားကော်မရှင်) ယန္တရားဖြင့် အစည်းအဝေး ကျင်းပမည်ဖြစ်ကြောင်းပြောသည်။

ကမ္ဘောဒီးယားနယ်စပ် ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်းရှိ Ubon Ratchathani, Sisaket, Surin, နှင့် Buriram ပြည်နယ်များမှ ဒေသခံ ၁၃၈,ဝဝဝ ကျော်ကို တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည့်အတွက် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းထားရသည်။

တိုက်ပွဲများ ကြောင့် ထိုင်း-ကမ္ဘောဒီးယား နှစ်ဖက်တွင် သေဆုံးသူ ၃၅ ဦးထက်မနည်းရှိကြောင်း သတင်းများတွင်ဖော်ပြသည်။

ထိုင်း-ကမ္ဘောဒီးယားနယ်စပ်တွင် ပဋိပက္ခများ တင်းမာနေသည့်အတွက် ဇူလိုင် ၂၄ ရက်မှ ၂၇ ရက်အတွင်း ကမ္ဘောဒီးယားနိုင်ငံသား ၂ဝဝ,ဝဝဝကျော် ပြန်လည်ဝင်ရောက်ခဲ့သည်ဟု ကမ္ဘောဒီးယားအလုပ်သမားနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ လေ့ကျင့်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

Photo – ထိုင်းယာယီဝန်ကြီးချုပ်၊ကမ္ဘောဒီးယားဝန်ကြီးချုပ်နှင့်မလေးရှားဝန်ကြီးချုပ်တို့၏ ပူးတွဲကျင်းပသည့် သတင်းစာရှင်းလင်းပွဲ။

Similar Posts