နိုဝင်ဘာ 9, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
သတင်း

ချင်းမိုင်တွင် ဓားခုတ်မှုကျုးလွန်ခဲ့သည့် မြန်မာလူငယ် ၁၅ ဦးပါဂိုဏ်းကိုဖမ်းမိ

စက်တင်ဘာ ၁၉ ၊ Migrant Times ။

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့တွင် စက်တင်ဘာလ ၁၆ ရက်နေ့ညက ဓားခုတ်မှုကျုးလွန်ခဲ့သည့် မြန်မာလူငယ် ၁၅ ဦးပါသည့် ဆိုင်ကယ်ဂိုဏ်းကို ရဲတပ်ဖွဲ့က ဖမ်းမိခဲ့ပြီး ဦးဆောင်ကျုးလွန်သူကိုပြစ်ဒဏ်များချကာ ပြည်နှင်ဒဏ်ပေးမည်ဟု ရဲတပ်ဖွဲ့က ယနေ့(စက်တင်ဘာ ၁၉)ချင်းမိုင်မြို့၌ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင်ပြောကြားကြောင်း ထိုင်း MGR သတင်းဌာနကဖော်ပြသည်။

ယနေ့ နံနက် ၁၁ နာရီခွဲတွင် ဒုတိယရဲချုပ် ရဲဗိုလ်ချုပ်ကြီး ပရာချွတ် ဦးဆောင်ကျင်းပသည့်သတင်းစာရှင်းလင်းပွဲ၌ ဓားခုတ်မှုဦးဆောင် ကျုးလွန်ခဲ့သူ အသက် ၂၅ နှစ်အရွယ် စိုင်းအိုက်မောင် (ခေါ်) အမ် နှင့် အသက် ၁၄ နှစ်မှ ၃၁ နှစ်ကြားရှိ မြန်မာလူငယ် ၁၄ ဦးကို ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။

မြန်မာလူငယ်များသည် “ Black Lotus Gang” နှင့် “ 999 Gang” ဟု အမည်ပေးထားသည့် ဂိုဏ်းဝင်များဖြစ်ပြီး ဓား လက်နက်များအသုံးပြုကာ ပြင်းထန်သည့် ဒဏ်ရာရအောင် အဖွဲ့လိုက်ရိုက်နှက်မှုနှင့် အခြားပြစ်မှုများဖြင့်တရားစွဲဆို အရေးယူခံရမည်ဖြစ် ကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။

ရဲတပ်ဖွဲ့ပြောကြားချက်အရ မြန်မာလူငယ်များသည် Line application မှတစ်ဆင့် စုဖွဲ့ခဲ့ပြီး အဖွဲ့ဝင်၏ညီငယ်ကို လူငယ်တစ်စုက ဝိုင်းဝန်းရိုက်နှက်ခဲ့ခြင်းကြောင့် လက်စားချေရန် လူ ၃ဝ ခန့်စုပြီး ချင်းမိုင်မြို့ပတ်လမ်းပေါ်တွင် လှည့်လည်ခဲ့ကြောင်း၊ ချင်းမိုင်မြို့ ဆန်ကမ်ဖိုင်ရပ်ကွက်တွင် ၂၄ နာရီဖွင့်သည့် အဝတ်လျှော်ဆိုင်နှင့်စတိုးဆိုက်ရှေ့ အရောက်၌လူ ၃ ဦးအား ဓားဖြင့် လက်၊ လက်မောင်း၊ နောက်ကျောတို့ကို ခုတ်ခဲ့ပြီးနောက်လူစုခွဲကာ ထွက်ပြေးခဲ့ကြကြောင်း သိရသည်။

ဓားဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းကြောင့် အသက် ၁၄ နှစ်အရွယ် မိန်းကလေးတစ်ဦးသည် လက်ကောက်ဝတ်ပြတ်သွားခဲ့ပြီး ဆေးရုံတွင် ပြတ်နေသည့်လက်ကို ဆရာဝန်များက အောင်မြင်စွာ ပြန်လည်ဆက်ပေးနိုင်ခဲ့သော်လည်း အနီးကပ်စောင့်ရှောက်မှု ခံယူနေရဆဲဖြစ်ကြောင်း သိရသည်။ အခြား ဒဏ်ရာရရှိသူ အမျိုးသားနှစ်ဦးမှာလည်း အရေးပေါ်ခန်းတွင် ဆေးကုသမှု ခံယူနေရဆဲဖြစ်ကြောင်း သိရသည်။

ချင်းမိုင်သတင်းဖော်ပြချက်အရ ရဲတပ်ဖွဲ့က စက်တင်ဘာလ ၁၆ ရက်နေ့ညသန်းခေါင်ယံနှင့် စက်တင်ဘာလ ၁၇ ရက်နေ့တွင် ဓားခုတ်မှုကျုးလွန်ချိန်တွင် ပါဝင်သူများကိုဖမ်းဆီးခဲ့သည်။ ဓားခုတ်မှုဦးဆောင် ကျုးလွန်ခဲ့သူစိုင်းအိုက်မောင် (ခေါ်) အမ်ကို စက်တင်ဘာလ ၁၈ ရက်၊ နံနက်ပိုင်းတွင်ဖမ်းမိခဲ့ကြောင်း သိရသည်။

အိုက်မောင်နှင့်အတူ ဓားခုတ်မှုကျူးလွန်ခဲ့သော ချိုင်းလင်(ခေါ်)တော့ပ်မှာ လွတ်မြောက်နေဆဲဖြစ်ပြီး

အမြန်ဆုံး ဖမ်းဆီးနိုင်ရန် ကြိုးစားနေကြောင်း ရဲတပ်ဖွဲ့ကပြောသည်။ အိုက်မောင်အား ဥပဒေအရ တရားစွဲမည်ဖြစ်ပြီး လုပ်ငန်းစဉ်ပြီးဆုံးပါက ထိုင်းနိုင်ငံတွင်းမှ နှင်ထုတ်ကာ အမည်ပျက်စာရင်းသွင်းမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့က သတင်းစာရှင်းလင်းပွဲတွင်ပြောကြားသည်။

ကိုးကား – mgronline ၊ chiangmai news

ဓာတ်ပုံ – mgronline

#Migranttimes

#ထိုင်း

#ချင်းမိုင်

#thailand

YouTube https://www.youtube.com/@migranttimes

Website https://www.migranttimes.com/

Telegram https://t.me/migranttimes