September 23, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
သတင်း အလုပ်သမား သတင်း

မဲဆောက်တွင် ဆိုင်ကယ်များဖြင့် တရားမဝင်လာသည့် မြန်မာ ၂ဝ ဦး အဖမ်းခံရ

စက်တင်ဘာ ၁၉ ၊ Migrant Times ။
ထိုင်းနိုင်ငံ ၊ တာ့ခ်ခရိုင် မဲဆောက်မြို့နယ်တွင် ဆိုင်ကယ် ၄ စီးဖြင့်တရားမဝင်ဝင်ရောက်လာသည့်
မြန်မာနိုင်ငံသား ၂၀ ဦးကို စက်တင်ဘာလ ၁၈ ရက်ညတွင် နယ်စပ်တပ်ဖွဲ့များကဖမ်းဆီးခဲ့သည်။
မဲဆောက်မြို့နယ်၊ ဘန်ဝမ်ကဲရွာအနီးရှိ မြစ်တစ်လျှောက် ရာ့ချ်မာနူ အထူးတပ်ဖွဲ့က ကင်းလှည့်စဉ်အတွင်း မြန်မာနိုင်ငံသား ၂၀ ဦး (အမျိုးသား ၈ ဦး၊ အမျိုးသမီး ၉ ဦးနဲ့ ကလေး ၃ ဦး) အား မော်တော်ဆိုင်ကယ် ၄ စီးဖြင့်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း နရဲစွမ် အထူးတပ်ဖွဲ့(Naresuan Task Force) ကယနေ့ ထုတ်ပြန်သည်။
မြန်မာနိုင်ငံသား ၂၀ ဦး သည် တရားဝင်ခွင့်ပြုချက် စာရွက်စာတမ်း မပါရှိဘဲ နယ်စပ်လမ်းကြောင်းမှ ဝင်ရောက်လာကြောင်း ဝန်ခံခဲ့သည့်အတွက် ဥပဒေအရ အရေးယူနိုင်ရန် သက်ဆိုင်ရာရဲစခန်းသို့ လွှဲပြောင်းခဲ့ကြောင်း ထုတ်ပြန်သည်။
ထိုင်းနိုင်ငံတွင် ယခုရက်ပိုင်းအတွင်း နယ်စပ်များမှ တရားမဝင်ဝင်ရောက်လာသည့် မြန်မာများဆက်တိုက် ဖမ်းဆီးခံနေရသည်။ ထိုင်းနိုင်ငံမြောက်ပိုင်း လမ်ပန်း-လမ်ဖွန်အမြန်လမ်းမပေါ်တွင် တရားမဝင်ဝင်ရောက်သည် မြန်မာနိုင်ငံသား ၁၈ ဦးနှင့် ၎င်းတို့ကို ခေါ်ဆောင်လာသည့် ဘတ်စ်ကားဒရိုင်ဘာနှင့် အမျိုးသမီးတစ်ဦးတို့ကို ဖမ်းမိခဲ့ကြောင်း အမြန်လမ်းမရဲတပ်ဖွဲ့က ယနေ့(စက်တင်ဘာ ၁၉)ထုတ်ပြန်သည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၁၆ ရက်နေ့မနက်ကလည်း ကန်ချနဘူရီပြည်နယ်၊ သောင်ဖာဖုမ်မြို့နယ်တွင် တရားမဝင်ဝင်ရောက်သည့် မြန်မာနိုင်ငံသား ၁၁၃ ဦးအား ဖမ်းမိခဲ့ကြောင်း ထိုင်းစစ်တပ်ကထုတ်ပြန်သည်။
အလားတူ စက်တင်ဘာလ ၁၆ ရက်နေ့တစ်ရက်တည်းတွင် ကန်ချနဘူရီပြည်နယ်၊ သောင်ဖာဖုမ်မြို့နယ်တွင် တရားမဝင်ဝင်ရောက်သည့် မြန်မာနိုင်ငံသား ၅၃ ဦးကို ကားများပေါ်၌ အုပ်ချုပ်ရေး ပူးပေါင်းအဖွဲ့ကဖမ်းမိခဲ့ကြောင်း ထိုင်းသတင်းကဖော်ပြသည်။
ထိုင်းသတင်းများ ဖော်ပြချက်အရ ဩဂုတ်လအတွင်း နယ်စပ်များမှတရားမဝင်ဝင် ရောက်သည့် မြန်မာနိုင်ငံသား ၉ဝဝ ဦးထက်မနည်းဖမ်းဆီးခြင်းခံခဲ့ရသည်။ Migrant Times ကလေ့လာထားသည့်အချက်များအရ ယခု စက်တင်ဘာလ ၁၉ ရက်နေ့အထိ ထိုင်းနိုင်ငံသို့ နယ်စပ်များမှတရားမဝင်ဝင် ရောက်သည့် မြန်မာနိုင်ငံသား ၅ဝဝ ဦးထက်မနည်း ဖမ်းဆီးခြင်းခံခဲ့ရသည်။
ဓာတ်ပုံ – Naresuan Task Force