September 30, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
သတင်း အလုပ်သမား သတင်း

ပတ္တယားတွင် မြန်မာအချင်းချင်း ဓားထိုးမှုဖြစ်ပြီး ၂ ဦးသေဆုံး

စက်တင်ဘာ ၃ဝ ၊ Migrant Times ။
ထိုင်းနိုင်ငံ ၊ ချွန်ဘူရီခရိုင်၊ ဘန်လမုန့်မြို့နယ်၊ နွန်းပရူးရပ်ကွက်၊ပတ္တယားလမ်းလမ်းပေါ်၌ ယနေ့(စက်တင်ဘာ ၃ဝ) နံနက် ၆ နာရီခန့်တွင်မြန်မာအချင်းချင်း ဓားထိုးမှုဖြစ်ပြီး လူ (၂) ဦး သေဆုံးကြောင်း ထိုင်းသတင်းကဖော်ပြသည်။
ရဲတပ်ဖွဲ့အဆိုအရ အခင်းဖြစ်ပွားရာနေရာလမ်းဘေးတွင် မြန်မာနိုင်ငံသား အမျိုးသား (၂) ဦး၏ အလောင်းများကို သွေးအိုင်ထဲ၌ လဲလျောင်းနေသည် တွေ့ရကြောင်း၊ ပထမအလောင်းသည် လမ်းဘေးတွင်ရှိပြီး၊ နောက်တစ်ဦးမှာ ၆၅ ပေခန့်(၂၀ မီတာခန့်)အကွာတွင်ရှိပြီး သေဆုံးသူနှစ်ဦး၏ အမည်များကို လက်ရှိအချိန်ထိ မသိရှိရသေးကြောင်း သိရသည်။
ထို့အပြင် အသက် ၂၀ အရွယ်ရှိ မြန်မာနိုင်ငံသားတစ်ဦးကိုလည်း ရင်ဘတ် ညာဘက်ခြမ်း၌ ဓားဒဏ်ရာဖြင့်တွေ့ခဲ့ပြီး ကယ်ဆယ်ရေးအဖွဲ့က ၎င်းအား ပတ္တယားမြို့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။
ကနဦး စစ်ဆေးချက်များအရ သေဆုံးသူများနှင့် ကျူးလွန်သူများသည် အတူတကွ ဘောလုံးကန်ခဲ့ကြပြီး ဘောလုံးကွင်းအတွင်းတွင် အငြင်းပွားမှု ဖြစ်ပွားခဲ့သည်။ထို့နောက် ကွင်းပြင်ပတွင် ထပ်မံခိုက်ရန်ဖြစ်ပွားရာ ဓားဖြင့်ထိုးပြီး လူနှစ်ဦး သေဆုံးခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ကပြောကြားသည်။
ရဲအဖွဲ့က ကျူးလွန်သည့် မြန်မာနိုင်ငံသား အမျိုးသားတစ်ဦးကို ခြေရာခံဖမ်းဆီးထားပြီး ပတ္တယားမြို့မရဲစခန်းသို့ ဥပဒေအရ အရေးယူသွားရန်ခေါ်ဆောင်သွားကြောင်း သိရသည်။
Photo – siamnews