စက်တင်ဘာ ၂၉ ၊ Migrant Times ။
ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာအလုပ်သမား ၂၈ ဦးလိုက်ပါလာသည့်ကားသည်
စစ်ဆေးရေးဂိတ်ကို အရှိန်ပြင်းစွာဖြတ်သန်းပြီးနောက် လမ်းဘေးမြောင်းထဲ ထိုးကျကာ ဖမ်းဆီးခံခဲ့ရကြောင်း ထိုင်းသတင်းကဖော်ပြသည်။
ယနေ့ စက်တင်ဘာ ၂၉ ရက်နေ့ နံနက်အစောပိုင်း ၁ နာရီခွဲခန့်တွင် မြန်မာအလုပ်သမား ၂၈ ဦးပြည့်ကြပ်စွာလိုက်ပါလာသည့်ကားအား ကန်ချနဘူရီပြည်နယ်၊ထောင်းဖာဖုမ်မြို့နယ် လမ်းဆုံ စစ်ဆေးရေးဂိတ်တစ်ခုတွင် ရပ်တန့်ခိုင်းသော်လည်း မောင်ပြေးခဲ့ကြောင်း သတင်းကဖော်ပြသည်။
ထို့နောက်ရဲတပ်ဖွဲ့က လိုက်လံ ဖမ်းဆီးခဲ့ရာ ၎င်းကားသည် ကားတစ်စီးနှင့်တိုက်မိပြီး လမ်းဘေး ရေနုတ်မြောင်းထဲသို့ ထိုးကျသွားခဲ့ကာ ယာဉ်မောင်းထွက်ပြေးသွားခဲ့ကြောင်း ၊ ကားအတွင်တွင်
အထောက်အထားစာရွက်စာတမ်းမပါရှိသည့် မြန်မာနိုင်ငံသား အမျိုးသား ၁၉ ဦးနှင့် အမျိုးသမီး ၉ ဦး စုစုပေါင်း ၂၈ ဦးလုံးကို ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံသားများသည် ပြင်းထန်စွာ ဒဏ်ရာရခြင်း မရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားသည်။
ရဲတပ်ဖွဲ့အဆိုအရ မြန်မာနိုင်ငံသားများသည် စံခလဘူရီမှနယ်စပ်ဖြတ်ကျော် ဝင်ရောက်ခဲ့ကြပြီး
ဘန်ကောက်၊ စမွတ်စာခွန်၊ စမွတ်ဆွန်ခရမ်၊ နှင့် ချာချိုင်းဆောင်တို့တွင် အလုပ်လုပ်ကိုင်ရန်အတွက်
ပွဲစားအား တစ်ဦးလျှင် ဘတ် ၁၈,၀၀၀ မှ ၂၀,၀၀၀ ကြား ပေးချေခဲ့ရကြောင်း သိရသည်။ မြန်မာ အလုပ်သမား ၂၈ ဦးကို ဥပဒေအရအရေးယူရန် ထောင်းဖာဖုမ် ရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း ထိုင်းသတင်းကဖော်ပြသည်။
ထိုင်းနိုင်ငံတွင် ယခုရက်ပိုင်းအတွင်း နယ်စပ်များမှ တရားမဝင်ဝင်ရောက်လာသည့် မြန်မာများဆက်တိုက် ဖမ်းဆီးခံနေရသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၁၆ ရက်နေ့မနက်ကလည်း ကန်ချနဘူရီပြည်နယ်၊ သောင်ဖာဖုမ်မြို့နယ်တွင် တရားမဝင်ဝင်ရောက်သည့် မြန်မာနိုင်ငံသား ၁၁၃ ဦးအား ဖမ်းမိခဲ့ကြောင်း ထိုင်းစစ်တပ်ကထုတ်ပြန်သည်။
ထိုင်းသတင်းများ ဖော်ပြချက်အရ ဩဂုတ်လအတွင်း နယ်စပ်များမှတရားမဝင်ဝင် ရောက်သည့် မြန်မာနိုင်ငံသား ၉ဝဝ ဦးထက်မနည်းဖမ်းဆီးခြင်းခံခဲ့ရသည်။ ထိုင်းသတင်းများအရ ယခု စက်တင်ဘာလ ၂၉ ရက်နေ့အထိ ထိုင်းနိုင်ငံသို့ နယ်စပ်များမှတရားမဝင်ဝင် ရောက်သည့် မြန်မာနိုင်ငံသား ၉ဝဝ ဦးထက်မနည်း ဖမ်းဆီးခြင်းခံခဲ့ရသည်။
Photo – Khaosod
Website https://www.migranttimes.com/
Telegram https://t.me/migranttimes