စက်တင်ဘာ ၃ဝ ၊ Migrant Times ။
ထိုင်းနိုင်ငံ ၊ ကန်ချနဘူရီ ခရိုင်၊ Sai Yok မြို့နယ်တွင် တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၉ဝ ဦးကို ယနေ့ စက်တင်ဘာ ၃ဝ ရက်နေ့တွင် လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်းထိုင်းသတင်းကဖော်ပြသည်။
Sai Yok မြို့နယ် Tha Sao ရပ်ကွက်ရှိ ပုံမှန်စစ်ဆေးရေးဂိတ်ကို ရှောင်ကွင်းရန် ကြိုးပမ်းသည့် မသင်္ကာဖွယ် ကားလေးစီးကို ကြားဖြတ်ဖမ်းဆီးရာမှ မြန်မာနိုင်ငံသား ၉ဝ ဦးကို ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာရွှေ့ပြောင်းလုပ်သားများကို ထိုင်းနိုင်ငံအတွင်း ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်မှုဖြင့်တရားစွဲဆိုထားပြီး သယ်ယူပို့ဆောင်ပေးခဲ့သည့် ယာဉ်မောင်းနှစ်ဦးကိုလည်း ရဲတပ်ဖွဲ့က ဖမ်းဆီးကာ အရေးယူမည်ဖြစ်ကြောင်း ထိုင်းသတင်းကဖော်ပြသည်။
ယမန်နေ့ စက်တင်ဘာလ ၂၉ ရက်နေ့ နံနက်အစောပိုင်း ကလည်း ကန်ချနဘူရီပြည်နယ်၊ထောင်းဖာဖုမ်မြို့နယ်တွင် မြန်မာအလုပ်သမား ၂၈ ဦး ပြည့်ကြပ်စွာလိုက်ပါလာသည့်ကားအား လမ်းဘေးမြောင်းထဲ ထိုးကျနေစဉ်တွင် ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းကဖော်ပြသည်။
ထိုင်းသတင်းများ ဖော်ပြချက်အရ ဩဂုတ်လအတွင်း နယ်စပ်များမှတရားမဝင်ဝင် ရောက်သည့် မြန်မာနိုင်ငံသား ၉ဝဝ ဦးထက်မနည်းဖမ်းဆီးခြင်းခံခဲ့ရသည်။ ထိုင်းသတင်းများအရ ယခု စက်တင်ဘာလ ၃ဝ ရက်နေ့အထိ ထိုင်းနိုင်ငံသို့ နယ်စပ်များမှတရားမဝင်ဝင် ရောက်သည့် မြန်မာနိုင်ငံသား ၁,ဝဝဝ ဦးထက်မနည်း ဖမ်းဆီးခြင်းခံခဲ့ရသည်။