October 6, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
သတင်း အလုပ်သမား သတင်း

ထိုင်း ကားရေဆေးရုံတွင် အလုပ်လုပ်နေသည့် မြန်မာအလုပ်သမား ၁ ဦး သေဆုံး

အောက်တိုဘာ ၂ ၊ Migrant Times ။
ထိုင်းနိုင်ငံ၊ ချွန်ပူလီခရိုင်၊ဘန်ဘိုမြို့ရှိ ကားရေဆေးသည့်စက်ရုံတွင် အလုပ်လုပ်နေသည့်မြန်မာအလုပ်သမား ၁ ဦးသည် စက်တင်ဘာလ ၂၉ ရက် ၊ နေ့လယ် ၁၁ နာရီခန့်တွင် လုပ်ငန်းခွင်အတွင်း အန္တရာယ်ဖြစ်ကာ ဆေးရုံအရောက်၌ အသက်ဆုံးရှုံးခဲ့ကြောင်း WAG အလုပ်သမားမဟာမိတ်အဖွဲ့ကထုတ်ပြန်သည်။
သေဆုံးခဲ့သည့် မြန်မာအလုပ်သမား ကိုစည်သူအောင်သည် PJ ပတ်ပို့စ်ကိုင်ဆောင်ထားသူဖြစ်သည်။ ၎င်းသည် လုပ်ငန်ခွင်အတွင်း ရေးဆေးမည့်ကားတစ်စီးအားပြသရာ ဝင်တိုက်ခံရပြီး ကားခေါင်းနှင့် အုတ်နံရံကြားညှပ်ကာ မေ့‌မျောသွားခဲ့ခြင်းဖြစ်သည်။ ရေးဆေးမည့်ကားအား တက်ရောက်မောင်းနှင်ခဲ့သူသည် မြန်မာအလုပ်သမားတစ်ဦးဖြစ်ကြောင်း သိရသည်။
ကိုစည်သူအောင်အား ယင်းနေ့တွင်လုပ်ငန်းခွင်မှ ချွန်ပူလီဆေးရုံသို့ပို့ဆောင်ပြီး ဆေးကုသမှုခံယူနေစဉ်နေ့လယ်၂ နာရီခွဲ အချိန်၌ သေဆုံးခဲ့ကြောင်း WAG အဖွဲ့မှ သိရသည်။
ကိုစည်သူအောင်၏ ရုပ်အလောင်းကိုဆေးရုံတွင်ထားရှိပြီး အလုပ်ရှင်သူဌေးမှ သင်္ဂြိုလ်ပေး၍ နစ်နာကြေး ဘတ် ၁၀,၀၀၀ ပေးမည်ဟုပြောဆိုခဲ့ကြောင်း ကိုစည်သူအောင်၏ ညီအရင်းဖြစ်သူ ကိုနိုင်လွင်ဦးကပြောသည်။
ထို့နောက် စက်တင်ဘာလ ၃ဝ ရက်နေ့တွင် ကိုနိုင်လွင်ဦးအား ရဲစခန်းခေါ်ဆိုပြီး အလုပ်ရှင်သူဌေးက စကားပြန်မှတဆင့် ကားအာမခံက ရရှိမည့် နစ်နာကြေး ဘတ် ၅၀၀,၀၀၀ ပေးမည်ဟုပြောဆိုခဲ့သည်။ ထို့ပြင် ရုပ်အလောင်းသင်္ဂြိုလ်ရန် နှင့်နစ်နာကြေးအတွတ် ဘတ် ၄၀,၀၀၀ ပေးမည်ဟုထပ်မံပြောဆိုခဲ့ပြီး မကျေနပ်ပါက ကာမောင်းသူအား အမှုဖွင့်တိုင်ကြား နိုင်သည်ဟုပြောဆိုခဲ့ကြောင်း သိရသည်။
ယင်းကိစ္စနှင့်ပတ်သက်ပြီး ကိုစည်သူအောင်၏ ညီအရင်းဖြစ်သူ ကိုနိုင်လွင်ဦးက ထိုက်သင့်သည့် နစ်နာကြေး ပြန်လည်ရရှိရန် ကူညီတောင်းခံခဲ့သည့်အတွက် အမှုလက်ခံဆောင်ရွက်ပေးနေကြောင်း WAG အဖွဲ့မှ သိရသည်။
“မနေ့ကတော့ သူဌေးနဲ့ ညှိထားတာ သူဌေးကတော့ လုံးဝသူ့ဘက်က ငြင်းဆိုထားတယ်။ ဒီလိုဖြစ်ခဲ့တဲ့အပေါ်မှာ တိုက်ခဲ့တာလဲ မြန်မာဖြစ်တာကြောင့် ဒီမြန်မာအလုပ်သမားအပေါ် အပြစ်ပုံနေတယ်။ ကျွန်တော်တို့ သက်ဆိုင်ရာမြို့နယ်တွေနဲ့တော့ ချိတ်ဆက်ပြီးလုပ်နေတယ်” ဟု WAG အဖွဲ့ခေါင်းဆောင် ကိုမုန်တိုင်းက Migrant Times ကိုပြောသည်။
Photo – WAG