October 6, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
သတင်း အလုပ်သမား သတင်း

၄ နာရီကြာ ရေနစ်နေသည့် ထိုင်းအမျိုးသမီးကို မြန်မာအလုပ်သမားကယ်တင်

အောက်တိုဘာ ၂ ၊ Migrant Times ။
ထိုင်းနိုင်ငံ၊ စမွတ်စွန်ခရမ်ခရိုင် မဲကလောင်မြစ်အတွင်းတွင် ၄ နာရီကြာရေထဲမျှောပါနေသည့် ထိုင်းအမျိုးသမီးတစ်ဦးကို မြန်မာ အလုပ်သမားတစ်ဦးက ယမန်နေ့ အောက်တိုဘာလ ၁ ရက်နေ့ ည ၁၀ နာရီခန့်တွင် ကယ်တင်ခဲ့သည်။
ရေထဲမှလွတ်မြောက်လာသည့် အသက် ၅၂ နှစ်အရွယ် ထိုင်းအမျိုးသမီးတစ်ဦးအဆိုအရ သူမသည် မြစ်ကမ်းဘေးမှ ဖန်ခွက်များ လိုက်ကောက်စဉ် ချော်လဲကာ မြစ်ထဲသို့ ပြုတ်ကျခဲ့သည်။
မဲကလောင်မြစ်အတွင်း ၄ နာရီကြာမျှ မျောပါခဲ့ပြီး ရေထဲပြုတ်ကျသည့် နေရာမှ ၃ ကီလိုမီတာ (၂ မိုင်နီးပါး) အထိမျောပါသွားခဲ့ကြောင်း ၊ ငါးဖမ်းလှေများက ဖြတ်သန်းသွားသော်လည်း မမြင်ခဲ့ကြကြောင်း၊ သူမသည် ပက်လက်လှန်လျက် မျောပါရင်း အကူအညီရရန်ဆုတောင်းခဲ့သည်ဟု ဆိုသည်။ မကြာမီတွင် လှေငယ် တစ်စင်းရှိ အလုပ်သမားက သူမကို ရှာတွေ့ခဲ့ပြီးအံ့ဩဖွယ်ရာတိုက်ဆိုင်မှုတစ်ခုဖြစ်ကြောင်း သူမက ပြောကြားသည်။
ကယ်ဆယ်ခဲ့သည့် မြန်မာနိုင်ငံသားကလည်း မြစ်ကမ်းဘေးတွင် အလုပ်လုပ်နေစဉ် အော်ဟစ် အကူအညီတောင်းသံ သဲ့သဲ့ကိုကြားခဲ့ပြီး သရဲခြောက်သည်ဟုထင်မြင်ခဲ့ကြောင်း၊ စုံစမ်းကြည့်သောအခါ ရေထဲတွင် ငါးဖမ်းလှေကြိုးတစ်ချောင်းကို ဖက်တွယ်ထားသည့်အမျိုးသမီးတစ်ဦးကို တွေ့ရှိရခဲ့သည့်အတွက် သူငယ်ချင်းများကို အကူအညီခေါ်ကာ သူမအား ကမ်းပေါ်သို့ဆွဲတင်ပြီး ကူညီပေးခဲ့ကြောင်း ထိုင်းသတင်းကဖော်ပြသည်။
Photo – Khaosod