အောက်တိုဘာ ၃ ၊ Migrant Times ။
ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင်မှာ ခရီးသွားတွေ အလည်အပတ်သွားကြတဲ့ ကော့တောင်ကျွန်း(Koh Tao) ရှိပါတယ်။ ကော့တောင်ကျွန်းကို လိပ်ကျွန်းလို့လည်း ခေါ်ကြပါတယ်။
ဒီကျွန်းပေါ်က အလုပ်အကိုင်အမျိုးမျိုးမှာ ဝင်ရောက်လုပ်ကိုင်နေတဲ့ မြန်မာပြည်သား နှစ်သောင်းဝန်းကျင်ရှိနေပါတယ်။ ကျွန်းပေါ်မှာ မြန်မာ ပြည်သားတွေ စုပေါင်းဖွဲ့စည်းထားတဲ့ ကော့တောင် မြန်မာကွန်မြူနတီ (Koh Tao Myanmar Community – KTMC) အဖွဲ့တစ်ခုလည်းရှိပါတယ်။
KTMC အဖွဲ့ဟာ ၂ဝ၂၃ ခုနှစ်က စတင်ဖွဲ့စည်းပြီး လူမှုအကျိုးပြုလုပ်ငန်းတွေကို လူအင်အား ငွေအင်အားတွေနဲ့ အားသွန်ခွန်စိုက် တစ်ဖက်တစ်လှမ်းက ဝင်ရောက်ကူညီနေတဲ့ အဖွဲ့အစည်းတစ်ခုပါ။
KTMC အဖွဲ့ ဖွဲ့စည်းပြီး တစ်လအကြာမှာပဲ ကျွန်းသန့်ရှင်းရေးလုပ်ငန်းတွေကို စနစ်တကျ ဆောင်ရွက်ခဲ့တယ်လို့ အဖွဲ့ဝင် ကိုသိန်းသန်းကပြောပါတယ်။ ဒီအဖွဲ့ တည်ထောင်တဲ့နေ့ကစပြီး နှစ်နှစ်ခန့်အတွင်းမှာ ထိုင်းအာဏာပိုင်တွေနဲ့ ဒေသခံတွေရဲ့ ယုံကြည်လက်ခံမှုကို တဖြည်းဖြည်းရရှိလာခဲ့တယ်လို့ ဆိုပါတယ်။
“ကိုယ့်အသိစိတ်နဲ့ ကိုယ့်ကျွန်းရဲ့အလှကို ကိုယ်တိုင်ဆင်ရမယ်။ ကိုယ်လည်း ဒီကျွန်းမှာ နေထိုင်ခွင့်ရထားတဲ့၊ အလုပ်လုပ်ကိုင်ခွင့်ရထားတဲ့သူတစ်ယောက်အနေနဲ့ တာဝန်ကျေရမယ်ဆိုတဲ့ စိတ်နဲ့ စခဲ့တာပါ” လို့သူက ရှင်းပြပါတယ်။
အစပိုင်းမှာ အဖွဲ့ဝင် နှစ်ဆယ်ခန့်သာရှိခဲ့ပေမယ့် ခုချိန်မှာတော့ အဖွဲ့ဝင် ငါးရာကျော်အထိ တိုးပွားလာခဲ့တယ်လို့ သိရပါတယ်။
“မြန်မာတွေ တော်လိုက်တာ၊ ဒီလောက်ထိ နားလည်လိမ့်မယ်မထင်ဘူးလို့ ထိုင်းအာဏာပိုင်တွေရဲ့အသိအမှတ်ပြု ချီးကျူးလာတာက ကော့တောင်ကျွန်းက မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ဂုဏ်သိက္ခာကို တိုးပွားစေတယ်”လို့ KTMC အဖွဲ့ဝင်တွေကပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၁ ရက်နေ့က ပြုလုပ်ခဲ့တဲ့ KTMC အဖွဲ့ရဲ့ ကျွန်းသန့်ရှင့်ရေးနေ့မှာတော့
အဖွဲ့ဝင်တွေကိုယ်တိုင် ထိုင်းလူမျိုးတွေရဲ့ ပါဝင်လာတာကို အံမခန်းဖြစ်ခဲ့ကြပါတယ်။
သန့်ရှင်းရေးလုပ်ငန်းကို မြန်မာနဲ့ထိုင်းလူမျိုးတွေ အပါအဝင် လူပေါင်း တစ်ရာကျော် ပူးပေါင်းပါဝင်ခဲ့တယ်လို့သိရပါတယ်။
“တကယ်ကို အံမခန်းဖြစ်ရတယ်။ ဒီလောက်ထိ များလိမ့်မယ်မထင်ထားဘူး” လို့ ကိုသိန်းသန်းက ဝမ်းသာစွာနဲ့ပြောပါတယ်။
KTMC အဖွဲ့ဝင် မနွယ်ကလည်း
“သူတာဝန်နဲ့သူ၊ သူ့နေရာနဲ့သူ ရှင်းလိုက်ပြီးတော့ စိတ်ချမ်းသာစရာကြီး။ လမ်းတွေမှာ သစ်ကိုင်းတွေခုတ်ရှင်းပြီး အကုန်လုံး သန့်ရှင်းသာယာလှပတော့ ပီတိဖြစ်တယ်၊ ဝမ်းသာတယ်” လို့ သူရဲ့စိတ်ခံစားချက်ကို မျှဝေပါတယ်။
မနွယ်ဟာ KTMC စဖွဲ့ထဲက လစဉ်မပြတ် သန့်ရှင်းရေးမှာ ပါဝင်လုပ်ကိုင်လာခဲ့သူပါ။ ဒီလိုလုပ်ငန်းတွေဟာ မြန်မာများအချင်းချင်း ရင်းနှီးမှုကို ပိုမိုတိုးပွားစေတယ်လို့ သူမကပြောပါတယ်။
လူမှုအကျိုးပြု လုပ်ငန်းတွေကို စဉ်ဆက်မပြတ် ဆောင်ရွက်ခဲ့တာကြောင့် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို ဖားမားလို့ နှိမ်ပြီးမြင်တဲ့ အမြင်တွေ လျော့နည်းလာခဲ့တယ်လို့ KTMC အဖွဲ့ဝင် ကပြောပါတယ်။
မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို လူအိပ်ချိန်တွေမှာ မကြာခဏ ဖမ်းဆီးခြင်းခံရတဲ့ အခြေအနေတွေလည်း ပပျောက်သွားခဲ့တယ်လို့ ဆိုပါတယ်။
KTMC အဖွဲ့ဟာ ကော့တောင်ကျွန်းမှာ ကျွန်းသန့်ရှင်းရေးနဲ့လူမူအကျိုးပြုလုပ်ငန်တွေ လုပ်ကိုင်နေတာပါ။ ကျွန်းမှာ ရွှေ့ပြောင်းကလေးငယ်တွေ ပညာသင်ကြားနိုင်ဖို့ သင်ကြားရေးစင်တာတစ်ခု တည်ထောင်ဖို့ ရည်ရွယ်ချက်ရှိတယ်လို့ အဖွဲ့ဝင်ကပြောပါတယ်။
အဖွဲ့ဝင် ကိုသိန်းသန်းက “တစ် ဘဝကနေ ကျော်ဖြတ်လာနိုင်ခဲ့ပြီးပြီ။ အကောင်းဆုံး ပူးပေါင်းဆောင်ရွက်နိုင်ရင် ကျနော်တို့ လိုချင်တဲ့ သင်ကြားရေးစင်တာလေးကို ထိုင်းအာဏာပိုင်တွေ ခွင့်ပြုပြီး လုပ်လာနိုင်မယ်လို့ ယုံကြည်တယ်” လို့ အနာဂတ်အိပ်မက်ကို ပြောပြပါတယ်။
KTMC အဖွဲ့ဟာ ထိုင်း-မြန်မာ ဆက်ဆံရေး ပိုမိုအဆင်ပြေလာစေဖို့ ကြိုးစားဆောင်ရွက်သွားမယ်လို့ ကိုသိန်းသန်းက ပြောပါတယ်။
ဓာတ်ပုံ – အောက်တိုဘာလ ၁ ရက်နေ့က ပြုလုပ်ခဲ့တဲ့ KTMC အဖွဲ့ရဲ့ ကော့တောင်ကျွန်းသန့်ရှင့်ရေးမြင်ကွင်း။ (Photo – KTMC)








