အောက်တိုဘာ ၃ ၊ Migrant Times ။
သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ (STUM)ဝင်တစ်ဦးကို ယနေ့ အောက်တိုဘာ (၃) ရက်နေ့တွင် ရန်ကုန်တိုင်း ၊ မြောက်ဥက္ကလာ တရားရုံးကအမိန့်ချမှတ်ခဲ့ကြောင်း တရားရုံးနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
“အရင်တပတ်ရုံးချိန်းမှာ တရားလိုဘက်က သက်သေအကုန်စစ်ပြီးသွားပြီ။ တဖက် ခံပြသက်သေမတင်တော့ ဒီနေ့အမိန့်ချလိုက်တာပေါ့။ (၆) လခံဝန်လက်မှတ်ထိုးနေထိုင်ရမှာပေါ့။ မြောက်ဥက္ကလာက တစ်ယောက်ပါဗျ” ဟု၎င်းကပြောကြားသည်။ တရားရုံးက အမိန့်ချမှတ်ခဲ့သူသည် ဂျွန်တူးမောင် ဖြစ်ပြီး STUM ဦးဆောင်သူ ဒေါ်မျိုးမျိုးအေးအပါအဝင် အင်းစိန်နှင့် ရွှေပြည်သာတရားရုံးများတွင် တရားရင်ဆိုင်နေရသူများအား အမိန့်ချမှတ်ခြင်းမရှိသေးကြောင်း သိရသည်။
“အမှုတွဲတခုထဲမှာ မြောက်ဥက္ကလာတရားရုံးကအမိန့်ချမှတ်နိုင်တယ်ဆိုတာ တရားရုံးက သူတို့လုပ်ရမဲ့တရားရေးလုပ်ငန်းစဉ်ကိုအချိန်နဲ့တပြေးညီအလုပ်လုပ်လို့ပေါ့။ ကျန်တဲ့တရားရုံးကအမှုကိုစစ်ဆေးနေဆဲဆိုတော့ တရားရုံးအချင်းချင်း တရားရေးလုပ်ငန်းစဉ် ဘာကွာလို့လဲပေါ့။ အဖမ်းခံရတဲ့လူတွေအတွက်နစ်နာတယ်” ဟုအလုပ်သမားရေးလုပ်ရှားသူ တစ်ဦးကပြောသည်။
ဒေါ်မျိုးမျိုးအေးအပါအဝင် (၁၀)ဦးကို ခြေချုပ်နှင့် ခံဝန်အက်ဥပဒေ ပုဒ်မ အပြင် အသင်းအဖွဲ့မှတ်ပုံတင်ခြင်း ဆိုင်ရာ ဥပဒေပုဒ်မ ၄၀၊ ၄၁ တို့ဖြင့် စက်တင်ဘာ ၁၅ ရက်နေ့က ထပ်တိုးတရားစွဲဆိုခဲ့ကြောင်း STUM ကထုတ်ပြန်သည်။
ပြီးခဲ့သည့်စက်တင်ဘာလ ၂၉ ရက်နေ့တွင် ဒေါ်မျိုးမျိုးအေးအမှုအား ရွှေပြည်သာ မြို့နယ်တရားရုံးတွင် ခြေချုပ်နှင့် ခံဝန် အမှုမှ တရားလိုပြ သက်သေများအား ဆက်လက် စစ်ဆေးကြားနာခဲ့သည်။
ထို့နောက် အသင်းအဖွဲ့များမှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ – ၄၀၊၄၁ မှ တရားလို အား စစ်ဆေးပြီး အဓိကထွက်ချက် မပြီးသေးသောကြောင့် အမှု ၂ မှု အား အောက်တိုဘာလ ၁၃ သို့ ချိန်းဆိုခဲ့ကြောင်း STUM ကထုတ်ပြန်သည်။
စစ်ကောင်စီက STUM ဦးဆောင်သူ ဒေါ်မျိုးမျိုးအေးကို ၎င်း၏နေအိမ်၌ ပြီးခဲ့သည့် ဇူလိူင်လ ၂၅ ရက်နေ့ညတွင် ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ၎င်းနောက် STUM ဝန်ထမ်း ၁ဝ ဦးကို ဇူလိူင်လ ၂၆ ရက်မှ ၂၈ ရက်အတွင်း ထပ်မံဖမ်းဆီးခဲ့သည်။
ဓာတ်ပုံ – STUM အဖွဲ့၏ အခမ်းအနားတစ်ခု။(ပုံဟောင်း)