နိုဝင်ဘာ 21, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
သတင်း အလုပ်သမား သတင်း

ဘန်ကောက်တွင် မြန်မာအမျိုးသမီးအား သေနတ်ဖြင့် ခြိမ်းခြောက် အဓမ္မပြုကျင့်သူကို ဖမ်းမိ ◼အဓမ္မပြုကျင့်သူ၏ ဖေ့ဘုတ်စ်အကောင့်ကို လိမ်လည်တောင်းခဲ့ရာက ဖမ်းမိခြင်းဖြစ်

နိုဝင်ဘာ ၁၁ ၊ Migrant Times ။

ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့ ၊Nong Chok မြို့နယ်တွင် မြန်မာအမျိုးသမီးအလုပ်သမား တဦးအား သေနတ်ဖြင့် ခြိမ်းခြောက် အဓမ္မပြုကျင့်သူကို ရဲတပ်ဖွဲ့ကဖမ်းမိခဲ့ကြောင်း ထိုင်း matichon သတင်းကဖော်ပြသည်။

ယနေ့ ၊ နိုဝင်ဘာလ ၁၁ ရက်နေ့တွင် နွန်ဂျော့ခ် ရဲစခန်းမှ စုံစမ်းစစ်ဆေးရေးအဖွဲ့သည် အသက် ၂၄ နှစ်အရွယ် မစ္စတာ ရေဝပ် (ခေါ်) ဘန်မတ်ကို သက်သေခံပစ္စည်းများဖြစ်သည့် လက်လုပ် သေနတ်နှင့် ကျည်တစ်တောင့်၊ မော်တော်ဆိုင်ကယ်နှင့် မိုဘိုင်းဖုန်းတစ်လုံးတို့နှင့်အတူ ၎င်း၏ Nong Chok မြို့နယ် ၊ ဖဒုန်ဖန်လမ်းရှိ နေအိမ်တွင် ဖမ်းဆီးခဲ့သည်။

နွန်ဂျော့ခ် ရဲစခန်းမှ ဒုရဲမှူး ချိုင်သတ်ပြောကြားချက်အရ ယနေ့ နိုဝင်ဘာလ ၁၁ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် အသက် ၂၀ အရွယ် မြန်မာအမျိုးသမီးတစ်ဦးသည် မစ်ထရမိုင်ထရီ (၆) လမ်းကြားရှိ ၎င်း၏ အလုပ်နေရာအနီးတွင် လမ်းလျှောက်နေစဉ် မော်တော်ဆိုင်ကယ် စီးလာသော အမျိုးသားတစ်ဦးက သေနတ်ဖြင့် ချိန်ရွယ်၍ တောထဲသို့ ခေါ်ဆောင်ပြီး သတ်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့သည်။

ထို့နောက် မြန်မာအမျိုးသမီးကို ၎င်း၏ ဆိုင်ကယ်နောက်မှ ထိုင်ခိုင်းပြီး အမည်မသိသော အပန်းဖြေစခန်းတစ်ခုသို့ ခေါ်ဆောင်ကာ အဓမ္မပြုကျင့်ခဲ့သည်။ တရားခံသည် သေနတ်ကို ကုတင်ဘေးရှိ ထိုင်ခုံပေါ်တွင် တင်ထားခဲ့သည်။မြန်မာအမျိုးသမီးသည် ကြောက်ရွံ့သော်လည်း ဟန်ဆောင်၍ သဘောတူဟန် ပြခဲ့ပြီး အဓမ္မပြုကျင့်သူ၏ Facebook အကောင့်တောင်းက Friend Request ပြုလုပ်ခဲ့သည်။

မြန်မာအမျိုးသမီးသည် လွတ်မြောက်လာပြီးနောက် နွန်ဂျော့ခ် ရဲစခန်းတွင် အမှုဖွင့်ခဲ့ပြီး ရဲများက Facebook မှတစ်ဆင့် တရားခံကို ရှာဖွေကာ သက်သေခံပစ္စည်းများနှင့်အတူ နေအိမ်တွင် လိုက်လံဖမ်းဆီးနိုင်ခဲ့ပြီး စစ်ဆေးရာတွင် ၎င်း၏ ဆီး၌ မူးယစ်ဆေးဝါး (မက်တဖက်တမင်း) သုံးစွဲထားကြောင်း တွေ့ရှိခဲ့သည်။

တရာခံ၏ အဆိုအရ ၎င်းသည် အလုပ်သမားတစ်ဦးဖြစ်ပြီး ဖြစ်စဉ်မတိုင်မီက စလော့ဂိမ်းကစားရာမှ ပိုက်ဆံများစွာ ရခဲ့သည်။ ထိုငွေများဖြင့် ယာဘ (စိတ်ကြွဆေး)ကို ဝယ်ယူသုံးစွဲခဲ့ပြီး လမ်းဘေး၌ ရပ်နေသော မြန်မာအမျိုးသမီးကို မြင်တွေ့ခဲ့ကာ ၎င်း၏ ဆိုင်ကယ်ကို ရပ်၍သေနတ်ဖြင့် ချိန်ရွယ်ကာ ခေါ်ဆောင် အဓမ္မပြုကျင့်ခဲ့သည်။

တရာခံအားနွန်ဂျော့ခ် ရဲစခန်းသို့ပို့ဆောင်ထားပြီး လက်နက်ဖြင့် ခြိမ်းခြောက်မှု ၊ အဓမ္မပြုကျင့်မှု ၊ သေနတ်ကိုင်ဆောင်မှုနှင့် မူးယစ်ဆေးဝါး သုံးစွဲမှုများဖြင့် အရေးယူမည်ဖြစ်ကြောင်း ထိုင်းသတင်းကဖော်ပြသည်။

Photo – matichon