နိုဝင်ဘာ 20, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
သတင်း အလုပ်သမား သတင်း

မြန်မာနှင့်ရွှေ့ပြောင်းလုပ်သားများအား အလုပ်လုပ်ခွင့်ပါမစ်အတုများ ပြုလုပ်ပေးသူ ၂ ဦးဖမ်းမိ 🟥ဘဏ်အကောင့်များတွင် ဘတ်ငွေသန်း ၅၀ ကျော်တွေ့

နိုဝင်ဘာ ၁၄ ၊ Migrant Times ။

ထိုင်းနိုင်ငံ ၊နခွန်ပထုန်ခရိုင်၊ ဘန်လမ်မြို့နယ်ခွဲ၊ ဘန်ပလာကျေးရွာအမှတ် ၁၄ ရှိ နေအိမ်တစ်လုံးတွင်မြန်မာအလုပ်သမားများအပါအဝင် ရွှေ့ပြောင်းအလုပ်သမားများအား အလုပ်လုပ်ခွင့်ပါမစ်အတုများပြုလုပ်ပေးခဲ့သည့် အမျိုးသား ၂ ဦးကို ရဲတပ်ဖွဲ့က နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းကဖော်ပြသည်။

၎င်းတို့သည် မစ္စတာ ဆာဟာရတ်နှင့် မစ္စတာ နတ်ထဖွန်တို့ဖြစ်ကြပြီး Facebook နှင့် ဝက်ဘ်ဆိုဒ်တွင် နိုင်ငံခြားသား အလုပ်သမားများအတွက် အလုပ်လုပ်ခွင့်ပါမစ်များ သက်တမ်းတိုးပေးမည်ဟုဆိုကာ လူအများကို လိမ်လည်သည့် ကုမ္ပဏီတစ်ခု ပူးပေါင်းဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနှင့် နိုင်ငံခြားသား အလုပ်သမားများသည် ဘတ်သန်းပေါင်းများစွာ လိမ်လည်ခံခဲ့ရပြီး ၎င်း ၂ ဦး၏ ဘဏ်အကောင့်များတွင် ဘတ် ၅၀ သန်းကျော် ငွေသားလည်ပတ်စီးဆင်းမှု ရှိကြောင်း ရဲတပ်ဖွဲ့ကတွေ့ရှိခဲ့သည်။

၂၀၁၅ ခုနှစ်၊ မတ်လတွင် မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် အလုပ်လုပ်ခွင့်ပါမစ်များ သက်တမ်းတိုးနိုင်ကြောင်း Facebook နှင့် ဝက်ဘ်ဆိုဒ်တွင် ၎င်း ၂ ဦးက ကတ်နမူနာပုံများပါသော ကြော်ငြာများ တင်၍ လိမ်လည်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ကပြောသည်။

အလိမ်ခံခဲ့ရသည့် ရွှေ့ပြောင်းအလုပ်သမားတဦးကတိုင်ကြားချက်အရ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ယခုကဲ့သို့ဖမ်းမိခြင်းဖြစ်ကြောင်း သိရသည်။

၎င်း ၂ ဦး အခြားသူများ၏ အမည်များဖြင့် ဘဏ်အကောင့်များ ဖွင့်ရန်အတွက် အလုပ်သမားများ၏ နိုင်ငံကူးလက်မှတ် အချက်အလက်များကိုလည်း အသုံးပြုခဲ့ကြပြီး ထိုအကောင့်များအား အွန်လိုင်းလောင်းကစား ဝက်ဘ်ဆိုဒ်လည်ပတ်သူများထံ အသုံးပြုခွင့် ရောင်းချခဲ့ရာ ဘတ်သန်းပေါင်းများစွာ ရရှိခဲ့ကြောင်း ၊သက်သေခံပစ္စည်းများနှင့်ဖမ်းဆီးခဲ့ပြီး ဥပဒေအရ ဆောင်ရွက်မှုများ ပြုလုပ်ရန် လူကုန်ကူးမှုတိုက်ဖျက်ရေးဌာနခွဲထံ လွှဲပြောင်းထားကြောင်း ထိုင်းသတင်းကဖော်ပြသည်။

Photo – naewna