နိုဝင်ဘာ 20, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
သတင်း အလုပ်သမား သတင်း

တာ့ခ်ခရိုင်တွင် တောလမ်းကလာသည့် မြန်မာ ၃၆ ဦး ဖမ်းဆီးခံရ

နိုဝင်ဘာ ၁၉ ၊ Migrant Times ။

ထိုင်းနိုင်ငံ ၊ တာ့ခ်ခရိုင် ၊ မယ်ရမတ်မြို့နယ်တွင် ယမန်နေ့(နိုဝင်ဘာ ၁၈ ရက်)ညတွင် နယ်စပ်တောလမ်းမှ တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၃၆ ဦးအား နယ်ခြားစောင့်ရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းထောက်တဦးမှသိရသည်။

ယမန်နေ့ည ၁၁ နာရီခွဲခန့်တွင် မယ်ရမတ်မြို့နယ်၊ ရွာအမှတ် ၆ တွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်ရဲတပ်ဖွဲ့ဝင်များသည် တရားမဝင် ဝင်ရောက်လာသူများကို စောင့်ဖမ်းခဲ့ခြင်းဖြစ်သည်။

မြန်မာအလုပ်သမားအဖွဲ့ကို လမ်းပြတစ်ဦးက ခေါ်ဆောင်လာပြီး ရပ်ရန်တားသည့်အချိန်တွင် လယ်ကွင်းများ၊ ပဲစိုက်ခင်းများနှင့် လမ်းဘေးတောများဆီသို့ ထွက်ပြေးတိမ်းရှောင်သွားကြပြီး နောက်ပိုင်းတွင်စုစုပေါင်း ၃၆ ဦးကို ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

မြန်မာအလုပ်သမားများတွင် အမျိုးသား ၂၀ ဦးနှင့် အမျိုးသမီး ၁၆ ဦး ပါဝင်ပြီး ကရင်ပြည်နယ်၊ မြဝတီမြို့မှ မဲရမာတ်ဘက်သို့ လှေဖြင့်မြစ်ကူးကာ ဝင်ရောက်လာကြကြောင်း ရဲတပ်ဖွဲ့ကပြောသည်။

၎င်းတို့အားလုံးသည် အယုဒ္ဓယာ၊ ဘန်ကောက်နှင့် ချွန်ဘူရီ တို့တွင် အလုပ်လုပ်ရန်လာရောက်ကြခြင်းဖြစ်ပြီး ပွဲစားခအဖြစ် တစ်ဦးလျှင် ဘတ် ၁၈,၀၀၀ မှ ဘတ်၂၀,၀၀၀ အထိ ပေးခဲ့ရကြောင်းသိရသည်။

နယ်ခြားစောင့်ရဲတပ်ဖွဲ့က မြန်မာအလုပ်သမား ၃၆ ဦးအား တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုဖြင့် ဖမ်းဆီးခဲ့ပြီး ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရန် မယ်ရမတ်ရဲစခန်းသို့ လွှဲပြောင်းခဲ့ကြောင်း သိရသည်။

Ref/Photo – กิตติศักดิ์ บุญจันทร์