နိုဝင်ဘာ 20, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
နိုင်ငံတကာ အလုပ်သမား သတင်း

အလုပ်ဖြုတ်ခံရသည့် မြန်မာအလုပ်သမား ၁၄ ဦး နစ်နာကြေးဘတ် ၃ သိန်းကျော်ရ

နိုဝင်ဘာ ၁၅ ၊ Migrant Times ။
ထိုင်းနိုင်ငံ ၊ လယောင်ခရိုင် ၊ဘန်းခိုက်မြို့ရှိ အပူပေးစက်ထုတ်လုပ်သည့်စက်ရုံတွင် အလုပ်ဖြုတ်ခံရသည့် မြန်မာအလုပ်သမား ၁၄ ဦး၏ နစ်နာကြေး ဘတ် ၃ သိန်းကျော်(၃၆၄,၀၀၀) ရရှိခဲ့ကြောင်း ကူညီခဲ့သည့် WAG အဖွဲ့ကထုတ်ပြန်သည်။
“ဒီ ၁၄ ဦးပိုက်ဆံပြန်ရသွားတာက ဒီအလုပ်သမားတွေရဲ့ နစ်နာမှုရယ် ကြိုတင်အကြောင်းတဲ့ဟာရယ် ထိတ်လန့်ကြေးရယ် နှစ်ခုရတာပေါ့။ ကျွန်တော်တို့ မြို့နယ်ဆဝါဒီကန်မှာသွားရောက်ဆောင်ရွက်ပေးတဲ့အမှုဖြစ်တယ်။ သူတို့လဲ ဒီအမှုကိုလျော်ကြေးပေးမှ အမှုပိတ်မှာ ဆက်လက်ပြီးလုပ်ဆောင်လို့ရမယ်လေ အဲ့ဒါကြောင့် ဒီဟာကိုလာပြီးတော့ လျော်ပေးသွားတာပါ” ဟု WAG အဖွဲ့ခေါင်းဆောင် ကိုမုန်တိုင်းက Migrant Times ကိုပြောသည်။
မြန်မာအလုပ်သမား ၁၄ ဦးသည် ၎င်းစက်ရုံတွင် ယခုနှစ် မတ်လ ၂၇ ရက်နေ့တွင် ကြားစပ်ကုမ္ပဏီနှင့် အလုပ်ဝင်ရောက်လုပ်ကိုင်ခဲ့ကြသည်။ ထို့နောက်စက်တင်ဘာလ ၁၅ ရက်နေ့တွင် ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ အလုပ်ဖြုတ်ခံခဲ့ရကြောင့် အလုပ်သမားများက နစ်နာကြေးရရှိရန် WAG အဖွဲ့ထံ အကူအညီတောင်းခံခဲ့ကြခြင်းဖြစ်သည်။
အောက်တိုဘာလ ၂၀ ရက်နေ့တွင် အလုပ်သမားများ၏ လုပ်အားခများနှင့်ကျန့်ခေါက်ခများပြန်လည်ရရှိခဲ့ကြောင်း WAG အဖွဲ့ကထုတ်ပြန်ခဲ့သည်။ ၄င်းနောက် နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ကြိုတင်အကြောင်းမကြားဘဲအလုပ်ဖြုတ်သည့် အတွက်နစ်နာကြေးနှင့် ထိတ်လန့်ကြေး ၁ ဦးကို ဘတ် ၂၆၀၀၀ စီဖြင့် ၁၄ ဦးစာ စုစုပေါင်းဘတ်ငွေ ၃၆၄,၀၀၀ ရရှိခဲ့ကြောင်းသိရသည်။
မြန်မာအလုပ်သမားများ၏ လုပ်ခနစ်နာကြေးများပြန်ရရန်အတွက် ပညာရေးနှင့်ဖွံဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း – FED နှင့်ပူပေါင်းဆောင်ရွက်ခဲ့ကြောင်း WAG အဖွဲ့ကထုတ်ပြန်သည်။