နိုဝင်ဘာ 20, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
သတင်း အလုပ်သမား သတင်း

မြန်မာနိုင်ငံသား၂၁ ဦးကို မလေးရှားက ပြန်ပို့

နိုဝင်ဘာ ၁၈ ၊ Migrant Times ။

မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းတွင် ပြစ်ဒဏ်ကျခံခဲ့သည့် မြန်မာနိုင်ငံသား၂၁ ဦးအပါအဝင် နိုင်ငံခြားသား ၃၃၁ ဦးကို မူရင်းနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း ဂျိုဟိုးပြည်နယ် လူဝင်မှုကြီးကြပ်ရေးဌာနကထုတ်ပြန်သည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ဒုတိယပတ်အတွင်း ၎င်းတို့အား မူရင်းနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ပြီးယင်းတို့အထဲတွင် မြန်မာနိုင်ငံသား ၂၁ ဦး၊အင်ဒိုနီးရှားနိုင်ငံသား ၂၉၂ ဦး၊ ပါကစ္စတန်နိုင်ငံသား ၉ ဦး၊ ကမ္ဘောဒီးယားနိုင်ငံသား ၅ ဦးနှင့် လာအိုနိုင်ငံသား ၄ ဦး တို့ပါဝင်ကြောင်း ဖော်ပြသည်။

ပြစ်ဒဏ်ကျခံခဲ့သူများကို KLIA 1 နှင့် KLIA 2 အပြည်ပြည်ဆိုင်ရာလေဆိပ်၊ စတူလန်လော့တ် သင်္ဘောဆိပ်ကမ်းနှင့် ပါဆစ် ဂူဒန်သင်္ဘောဆိပ်ကမ်းတို့မှတစ်ဆင့် သက်ဆိုင်ရာ မူရင်းနိုင်ငံများသို့ လွှဲပြောင်းခဲ့ကြောင်းသိရသည်။

ပြန်ပို့ခြင်းခံရသည့် နိုင်ငံခြားသားအားလုံးတွင် တရားဝင် နိုင်ငံကူးလက်မှတ်များ ကိုင်ဆောင်ထားကြပြီး အချို့မှာ သက်ဆိုင်ရာ သံရုံးများမှ ၎င်းတို့၏ မူရင်းနိုင်ငံများသို့ ပြန်လည်ပို့ဆောင်ရန်အတွက် ယာယီခရီးသွားလာခွင့် စာရွက်စာတမ်းများ ၊အရေးပေါ် ခရီးသွားလာခွင့် စာရွက်စာတမ်းများကို ထုတ်ပေးထားကြောင်း ဖော်ပြသည်။