September 23, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
သတင်း

ထိုင်း သင်္ကြန်တွင် AI ရဲစက်ရုပ် တာဝန်ထမ်းဆောင်

ထိုင်းနိုင်ငံ အလယ်ပိုင်းရှိ နခွန်ပသုန်မြို့တွင် ဆုမ်ခရမ် သင်္ကြန်ပွဲတော်ကစပြီး AI ရဲစက်ရုပ်က တာဝန်ထမ်းဆောင်နေကြောင်း ထိုင်းရဲတပ်ဖွဲ့က ဧပြီလ ၁၆ ရက်တွင် ထုတ်ပြန်သည်။

ရဲစက်ရုပ်ကို “AI Police Cyborg 1.0” ဟု အမည်ပေးထားပြီး ၎င်း၏ ကိုယ်ထည်ပတ် လည်၌ အဆင့်မြင့် ၃၆ဝ ဒီဂရီလှည့်နိုင်သည့် AI ကင်မရာများ တပ်ဆင်ထားသည်။

ထိုင်းဒေသ (၇) ရဲတပ်ဖွဲ့ဌာနချုပ်နှင့် နခွန်ပသုန်ရဲတပ်ဖွဲ့က နခွန်ပသုန် မြို့တော်စည်ပင်သာယာရေးအဖွဲ့နှင့်အတူ “AI Police Cyborg 1.0” ရဲစက်ရုပ် Robocop ကို ဆုမ်ခရမ် သင်္ကြန်ပွဲတော်တွင် မိတ်ဆက်ခြင်းပြုလုပ်ခဲ့သည်။

AI ရဲစက်ရုပ်သည် အနီးဝန်းကျင်ရှိ ပုံမှန် CCTV ကင်မရာများနှင့် လုံခြုံရေးစောင့်ကြပ်ရန် ပျံသန်းနေသော ဒရုန်းများမှ အချက်အလက်များကို စုစည်းပြီး ဌင်း၏ ဦးနှောက်ရှိ AI စနစ်ဖြင့် စီစစ်သုံးသပ်နိုင်သည်။

မိတ်ဆက်ပွဲတွင် စက်ရုပ်၏ ပုံမှန်ကင်မရာများနှင့် ကိုယ်ထည်ပတ်လည်ရှိ ကင်မရာများမှတစ်ဆင့် ဗီဒီယိုဖိုင်များ ၊ အချက်အလက်အားလုံးကို ထိန်းချုပ်စီမံခန့်ခွဲမှုစင်တာ (Command and Control Center) သို့ ပို့ဆောင်ခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့ကဆိုသည်။

မျက်နှာမှတ်မိစနစ်ဖြင့် ဖမ်းဝရမ်းထုတ်ထားသူများနှင့် အခမ်းအနားအတွင်း အန္တရာယ်ဖြစ်စေနိုင်သည့် စောင့်ကြည့်ခံရသူများကို တွေ့ရှိပါက သတိပေးချက်ထုတ်ပေးနိုင်ကြောင်း သိရသည်။

ထို့ပြင် မျက်နှာမှတ်မိစနစ်ဖြင့် ရာဇဝတ်သားများ သို့မဟုတ် သံသယရှိသူများကို ကျင်းပသည့် အခမ်းအနား တစ်ခုလုံးတွင် ခြေရာခံနိုင်ကြောင်း သိရသည်။

အထူးရှာဖွေရေး စနစ်ဖြင့် သံသယရှိသူများကို မျက်နှာ၊ ကိုယ်ပေါ်အမှတ်အသား၊ အဝတ်အစား၊ ကိုယ်ခန္ဓာပုံသဏ္ဌာန်နှင့် ကျား/မ တို့မှ ရှာဖွေနိုင်ကြောင်း၊ ရေပက်သောသေနတ်မှလွဲ၍ ဓား၊ ဓားရှည်၊ လက်နက်နှင့် အခမ်းအနားအတွင်း အန္တရာယ်ဖြစ်စေနိုင်သော လက်နက်သဖွယ်အသုံးပြုနိုင်သည့် ပစ္စည်းများကို ထောက်လှမ်းနိုင်ခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့ကထုတ်ပြန်သည်။

ဆုမ်ခရမ် သင်္ကြန်ပွဲတော် အခမ်းအနားအတွင်း အကြမ်းဖက်ဖြစ်စဉ်များဖြစ်နိုင်သော အပြုအမူများဖြစ်သည့် ရန်ဖြစ်ခြင်း၊ အုပ်စုဖွဲ့ ရိုက်နှက်ခြင်း စသည်တို့ကို ထောက်လှမ်းနိုင်ခဲ့ကြောင်း သိရသည်။

Ref/Photo – cmprice