တာချီလိတ်တွင် ပုန်းအောင်းနေသည့် ထိုင်းမူးယစ်ဝရမ်းပြေး ၄ ဦးကို ဖမ်းဆီးပြီး လွှဲပြောင်း

ထိုင်းနိုင်ငံမှ မူးယစ်ဆေးဝါးမှုဖြင့်ထွက်ပြေးတိန်းရှောင်ပြီး တာချီလိတ်မြို့တွင် ပုန်းအောင်းနေသည့် ထိုင်းနိုင်ငံသား ဝရမ်းပြေး ၄ ဦးကို ဖမ်းဆီးကာလွှဲပြောင်းလိုက်ကြောင်း တာချီလိတ်မြို့လူဝင်မှုကြီးကြပ်ရေးဌာနမှသိရသည်။

ထိုင်းအမျိုးသား ၃ ဦးနှင့် ထိုင်းအမျိုးသမီး ၁ ဦးတို့သည် မူးယစ်ဆေးဝါးမှုအတွက် ထိုင်းနိုင်ငံဘက်မှဝရမ်းထုတ်ထားသူများဖြစ်သည်။

ထိုလေးဦးအား မေလ ၆ ရက်နေ့ နေ့လယ်ပိုင်း၌ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားတွင် တာချီလိတ်လူဝင်မှုကြီးကြပ်ရေးနှင့် သက်ဆိုင်ရာအဖွဲ့များက ချင်းရိုင်ခရိုင်လူဝင်မှုကြီးကြပ်ရေးအရာရှိများထံ တရားဝင်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နှင့် ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင်၊ မဲဆိုင်မြို့နယ်ရှိ အာဏာပိုင်အဖွဲ့အစည်းများအကြား ဒေသန္တရအဆင့် ပူးပေါင်းဆောင်ရွက်မှုအဖြစ် လုပ်ဆောင်ခြင်းဖြစ်ကြောင်း ထိုင်းသတင်းတစ်ခုက ရေးသားသည်။

ထိုင်းနိုင်ငံမှအလိုရှိသူလေး ဦးကိုစစ်ဆေးချက်အရ မစ္စတာ ဆွမ်ယော့(စ်)နှင့် မစ္စ ပက်ချာရာပွန်တို့သည် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်နေ့တွင် ချင်းရိုင်တရားရုံးမှ ထုတ်ပြန်ခဲ့သော မက်သာဖီတမင်း ပူးပေါင်းဖြန့်ဖြူးမှုနှင့် လျှို့ဝှက်ကြံစည်မှုတို့အတွက် ဖမ်းဝရမ်းရှိနေကြောင်း တွေ့ရှိခဲ့သည်။

မစ္စတာ ဆမ်ရွန်းနှင့် မစ္စတာ ဆစ်သီချိုင်တို့သည် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် ဆာရာဘူရီတရားရုံးမှ ထုတ်ပြန်ခဲ့သော မက်သာဖီတမင်း ပူးပေါင်းဖြန့်ဖြူးမှုအတွက် ဖမ်းဝရမ်းရှိနေကြောင်း သိရသည်။

မြန်မာဘက်ခြမ်းမှ လွှဲပြောင်းခဲ့သည့် ထိုင်းနိုင်ငံသား လေးဦးအား စုံစမ်းစစ်ဆေးပြီး ဥပဒေအရ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

သတင်း – Migrant Times
ကိုးကား၊ ဓာတ်ပုံ – Maesaipress

Similar Posts