September 23, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
သတင်း အလုပ်သမား သတင်း

Rum Yang စက်ရုံ လုပ်သားများ လုပ်ခလစာ တိုးမြှင့်ပေးဖို့ မိုးထဲရေထဲ တောင်းဆို

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာ စက်မှုဇုန်၊ မဟာမြိုင်လမ်းရှိ Rum Yang(Myanmar) အထည်ချုပ်စက်ရုံ အလုပ်သမားများသည် လုပ်ခလစာ တိုးမြှင့်ပေးဖို့ ယနေ့(ဇွန်လ ၁၁)ရက်နေ့တွင် စတုတ္ထမြောက်နေ့ အဖြစ် မိုးရွာသွန်းနေချိန်တွင် တောင်းဆိုနေကြကြောင်း သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် STUM မှသိရသည်။

Rum Yang အထည်ချုပ် စက်ရုံတွင် TEERANOVA ၊ AMISU အမှတ် တံဆိပ်များ ချုပ်လုပ်ခြင်းဖြစ်ပြီး
စက်ရုံအလုပ်သမားများက ဇွန်လ ၆ ရက်နေ့မှ စတင်ကာ အနည်းဆုံး တစ်ရက်လုပ်အားခ ၁၃,ဝဝဝ ကျပ် တိုးမြှင့်ပေးဖို့ တောင်းဆိုနေခြင်းဖြစ်သည်။

Rum Yang အထည်ချုပ်စက်ရုံမှ Day ကြေး ၁၃,ဝဝဝ ကျပ်တိုးပေးရန် ၊ OT ကြေး ၂၅ဝဝ ကျပ်တိုးပေးရန်နှင့် ရက်မှန်ကြေး ၆ဝ,ဝဝဝ ကျပ်တို့ကို တိုးမြှင့်ပေးရန်စသည့် အချက်များ တောင်းဆိုနေခြင်းဖြစ်ကြောင်း အလုပ်သမားများကပြောသည်။

ဇွန်လ ၉ ရက်နေ့တွင် စက်ရုံစူပါဝန်ထမ်းများက လုပ်ခလစာ တိုးမြှင့်ပေးဖို့တောင်းဆိုနေသည့်အလုပ်သမားများအနက် ၅ဝ ဦးခန့်ကို စက်ရုံထဲသို့ဆွဲခေါ်ကာ အတင်းအကြပ် လက်မှတ်ရေးထိုးခိုင်းခဲ့ ပြီး စက်ရုံအတွင်းခေါ်ဆောင်သွားကြောင်း သိရသည်။

ထိုသို့ ခေါ်ဆောင်ထားသည့်အတွက် တောင်းဆိုမှုပြုလုပ်နေသည့် စက်ရုံအလုပ်သမားများနှင့် စက်ရုံအကြား ပဋိပက္ခဖြစ်ပွါးခဲ့ပြီး အလုပ်သမားများနှင့် တရားဝင် သုံးပွင့်ဆိုင် ညှိနှိုင်းဆွေးနွေးခြင်း မရှိသေးကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ကုန်စျေးနှုန်းနှင့် လူနေမှုစရိတ်မြင့်မားလာသည့်အတွက် လက်ရှိ သတ်မှတ်ထားသည့် အနည်းဆုံးလုပ်ခလစာသည် စက်ရုံလုပ်သားများ စားဝတ်နေရေးအတွက် ဖူလုံမှုမရှိတော့သည့်အတွက်အခြေခံလုပ်ခလစာ တိုးမြင့်ရေးအတွက် စက်ရုံလုပ်သားများက တောင်းဆိုနေခြင်းဖြစ်ကြောင်း သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် STUM ကထုတ်ပြန်သည်။

News – Migrant Times
Photo – STUM