September 23, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
သတင်း

ထိုင်းရှီရှားဆိုင်တွင် မြန်မာအမျိုးသမီး၂ ဦးဖမ်းဆီးခံရပြီး ပြန်ပို့ခံရမှာ စိုးရမ်ပြီး ငိုကြွေးခဲ့

ထိုင်းနိုင်ငံ၊ ကိုဖန်ငန်ကျွန်းရှိ တရားမဝင် ရှီရှားရောင်းချနေသည့် ဆေးခြောက်ဆိုင်တစ်ဆိုင်ကို ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့ပြီး အလုပ်လုပ်ကိုင်နေသည့် မြန်မာအမျိုးသမီး၂ ဦးကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းတွင်ဖော်ပြသည်။

မြန်မာအမျိုးသမီး၂ ဦး အနက် တစ်ဦးသည် မြန်မာနိုင်ငံသို့ ပြန်ပို့ခံရနိုင်သည့်အတွက် ငိုကြွေးခဲ့ကြောင်း သတင်းအရသိရသည်။

သူမသည် ယခင်ကလည်း အဆိုပါရဲများ၏ ဖမ်းဆီးခြင်းခံခဲ့ရပြီး ပြည်နှင်ဒဏ်ပေးခံရမည်ကို စိုးရိမ်ခဲ့ခြင်းဖြစ်သည်။

ဒေသခံများ၏ တိုင်ကြားမှုများအရ ခရီးသွားရဲတပ်ဖွဲ့သည် ဇွန်လ ၁၉ ရက်နေ့ ညနေပိုင်းတွင် ပန်တစ်ပ်ဈေးဧရိယာရှိ ဆေးခြောက်ဆိုင်တစ်ဆိုင်ကို ဝင်ရောက်စစ်ဆေးခဲ့သည်။ အဆိုပါဆိုင်သည် ခရီးသွားဧည့်သည်များထံသို့ တရားမဝင် ရှီရှား ရောင်းချသည့် ဘားအဖြစ် လျှို့ဝှက်ဖွင့်လှစ်ထားခြင်းဖြစ်ကြောင်းသိရသည်။

စီးနင်းမှုအတွင်း ရဲအရာရှိများသည် ၎င်းဆိုင်တွင် မြန်မာအမျိုးသမီးနှစ်ဦး အလုပ်လုပ်နေသည်ကို တွေ့ရှိခဲ့ရသည်။

အသက် ၄၁ နှစ်အရွယ် မစန္ဒာ သည် ဆိုင်အတွင်းရှိ ဖောက်သည်များအား ရေနှင့် ရှီရှားများ ဝန်ဆောင်မှုပေးနေပြီး၊ အသက် ၂၈ နှစ် အရွယ် မသန္တသည် ကောင်တာတွင် ဝန်ဆောင်မှုနှင့် ငွေကြေးကိစ္စများကို ကိုင်တွယ်နေခြင်းဖြစ်ကြောင်း သိရသည်။

နှစ်ဦးစလုံးတွင် ၂၀၂၆ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ သက်တမ်းရှိ တရားဝင် နိုင်ငံကူးလက်မှတ်နှင့် အလုပ်သမားအဖြစ် လုပ်ကိုင်ခွင့်ပါမစ်များ ရှိကြောင်း ၊ မစန္ဒာသည် စစ်ဆေးနေစဉ်အတွင်း ငိုကြွေးခဲ့ပြီး မြန်မာနိုင်ငံသို့ ပြန်ပို့ခံရမည်ကို စိုးရိမ်ခဲ့ကြောင်း ၊ ရဲအရာရှိများက သူမကို နှစ်သိမ့်ပြီးမှ မေးခွန်းများ ဆက်လက်မေးမြန်းခဲ့ရကြောင်း ထိုင်းသတင်းကရေးသားသည်။

မစန္ဒာသည် ထိုဆိုင်တွင် လေးလကြာ လုပ်ကိုင်ခဲ့ပြီး တစ်ပတ်လျှင် ဘတ် ၃,ဝဝဝ ရရှိသည်ဟု ဝန်ခံခဲ့ပြီးရှီရှား သောက်သူများအတွက် မီးညှိပေးခြင်း၊ ဖောက်သည်များအတွက် ရှီရှားအရည်များကို ပြင်ဆင်ပေးခြင်း၊ အစားအသောက်များ ဝန်ဆောင်မှုပေးခြင်းနှင့် ဆိုင်သန့်ရှင်းရေးလုပ်ခြင်းတို့ ပြုလုပ်ရကြောင်းသိရသည်။
မသန္တာသည် ငွေကိုင်အဖြစ် အလုပ်လုပ်ကိုင်ပြီး ရုရှားဆိုင်ပိုင်ရှင်အား နေ့စဉ်ရောင်းရငွေ ဘတ် ၁ဝ,ဝဝဝမှ ၁၅,ဝဝဝ ခန့်ကို လွှဲပြောင်းရကြောင်းသိရသည်။

မြန်မာအမျိုးသမီးနှစ်ဦးကို ၎င်းတို့၏ ခွင့်ပြုထားသော လုပ်ငန်းနယ်ပယ်ထက် ကျော်လွန်လုပ်ကိုင်မှု နှင့် အကောက်ခွန်ရှင်းလင်းပြီးခြင်းမရှိသော ကုန်ပစ္စည်းများ ရောင်းချမှုများဖြင့် အရေးယူရန်စွဲချက်တင်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။

၎င်းဆိုင်မှ ရှီရှားအရည် အထုပ်များ၊ ဟွတ်ကာစက်များ သိမ်းဆည်းခဲ့ပြီး ရုရှားဆိုင်ပိုင်ရှင်အား တရားစွဲဆိုရန် စွဲချက်တင်သွားမည်ဟု သိရသည်။

Ref/Photo – Khaosod