ဩဂုတ် ၁၆ – Migrant Times
ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့ ဝမ်ထောင်လန်း ခရိုင်၊ ဖလပ်ဖလာ ရပ်ကွက်ရှိ ဟိုတယ်တခုဘေးတွင် တည်ရှိသော ဆိုင်တွင်ပြုလုပ်နေသည့် မြန်မာ ပါတီကို ရဲတပ်ဖွဲ့ကဝင်ရောက်စစ်ဆေးခဲ့ပြီး
စိတ်ကြွဆေးသုံးသူ ၄၁ ဦး ဖမ်းမိခဲ့ကြောင်း ထိုင်းသတင်းက ယနေ့ ဖော်ပြသည်။
သတင်းပေးချက်အရ ဝမ်ထောင်လန်းရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့်ပူးပေါင်းအဖွဲ့သည် ယင်းဆိုင်ကိုဝင်စစ်ဆေးခဲ့ပြီး ဆိုင်အတွင်း၌ ကာရာအိုကေခန်း ၃ ခန်းအတွင်း အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၆၀ ဦးခန့်ကို တွေ့ရှိခဲ့သည်။ ဆေးဝါးသုံးစွဲမှု ရှိ၊ မရှိ စစ်ဆေးခဲ့ရာ ဆီးထဲတွင် မူးယစ်ဆေးဝါးသုံးစွဲထားသူ ၄၁ ဦး တွေ့ရှိခဲ့ပြီး ၎င်းတို့အနက် အမျိုးသား ၁၉ ဦးနှင့် အမျိုးသမီး ၁၂ ဦးတို့သည် မြန်မာနိုင်ငံသားများဖြစ်ကြောင်း သတင်းကဖော်ပြသည်။
၎င်းတို့သည် မွေးနေ့ပါတီတစ်ခုတွင် ပါဝင်ရန် ဖိတ်ကြားခံထားသည့် အုပ်စုဖြစ်ကြောင်း ၊ ရဲတပ်ဖွဲ့ဝင်များက ဆိုင်အတွင်း ဝင်ရောက်စစ်ဆေးခဲ့ရာ ကာရာအိုကေခန်း နှင့်အိမ်သာရှေ့တွင် လျှပ်စစ်စီးကရက် (electronic cigarette) ဆေးရည် ၄ ခု တွေ့ရှိခဲ့ကြောင်း ၊ ဆိုင်၏တာဝန်ခံကို စစ်ဆေးမေးမြန်းရာ လုပ်ငန်းလိုင်စင်မရှိဘဲ ဖွင့်လှစ်ထားကြောင်းအသီးသီး ဝန်ခံခဲ့သည်ဟု သိရသည်။
ရဲတပ်ဖွဲ့ဝင်များက ထိုင်းနိုင်ငံသား အသက် ၄၈ နှစ်အရွယ်ရှိ အမျိုးသားအား “လုပ်ငန်းလိုင်စင်မရှိဘဲ လုပ်ငန်းဖွင့်လှစ်ခြင်းနှင့် အရက်ရောင်းချခြင်း” ပြစ်မှုများဖြင့် ဖမ်းဆီးခဲ့သည်။ ထို့အပြင် မြန်မာနိုင်ငံသား အသက် ၃၂ နှစ်အရွယ်ရှိ အမျိုးသမီး နှင့် အခြား ၄၁ ဦးတို့ကို “တရားမဝင် မူးယစ်ဆေးဝါး အမျိုးအစား (၁) ကို သုံးစွဲခြင်း” ပြစ်မှုဖြင့် ဖမ်းဆီးပြီး ဥပဒေအရ အရေးယူဆောင်ရွက်ရန် လွှဲပြောင်းပေးခဲ့ကြောင်း သတင်းကဖော်ပြသည်။
ထို့ပြင် မြန်မာ ၄၁ ဦး၏ ဆီးနမူနာများကိုလည်း နော့ဖာရတ် ရာချာထာနီဆေးရုံ တွင် အသေးစိတ် စစ်ဆေးမှုများ ပြုလုပ်ရန် ပို့ဆောင်ထားကြောင်း သိရသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၃ ရက် နံနက် ၄ နာရီခန့်ကလည်း ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ဘန်ရက်ခ် (Bang Rak) ရှိ ဖျော်ဖြေရေးကလပ်၂ ခုကို ထိုင်းရဲတပ်ဖွဲ့မှ ဝင်ရောက်စီးနင်းခဲ့ပြီး မြန်မာနိုင်ငံသား ၁၇ ဦးအပါအဝင် ၄၆ ဦးကို ဖမ်းဆီးခဲ့သည်။
photo – อีจัน