စက်တင်ဘာ ၂ ၊ Migrant Times ။
ထိုင်းနိုင်ငံ ၊ကန်ချနာဘူရီပြည်နယ်၊ ထောင်းဖာဖုမ်မြို့နယ်၊ ထာခနွန်းရပ်ကွက်အနီးတွင် ယနေ့ စက်တင်ဘာလ ၂ ရက်နေ့၊ နံနက် ၆:၃၀ နာရီခန့်၌ တရားမ၀င် ၀င်ရောက်သည့် မြန်မာနိုင်ငံသား ၃၉ ဦးအားနယ်ခြား စောင့်တပ်ဖွဲ့ကဖမ်းဆီးခဲ့ ကြောင်းထိုင်းသတင်းကဖော်ပြသည်။
နယ်ခြား စောင့်တပ်ဖွဲ့အဆိုအရ တရားမဝင်အလုပ်သမားများ နယ်စပ်မှတစ်ဆင့် သယ်ယူပို့ဆောင်မည်ဖြစ်ဟုသတင်းပေးချက်ရရှိပြီး ကင်းလှည့်စဉ် သံသယဖြစ်ဖွယ် ကားနှစ်စီးကို တွေ့ရှိခဲ့ ကြောင်း၊အဆိုပါကားနှစ်စီးကိုစစ်ဆေးရန် တားဆီးသော်လည်း ကားများက အရှိန်တင်မောင်းနှင်ကာ ထွက်ပြေးခဲ့ပြီး ထာခနွန်းရပ်ကွက်၊ ဟင်ဒါတ်ရွာတို့တွင် ကားနှစ်စီးလုံးကို ရပ်တန့်နိုင်ခဲ့ ကြောင်း၊ယာဉ်မောင်းသူများ တောတွင်းသို့ ထွက်ပြေးတိမ်းရှောင်သွားခဲ့ ကြောင်းသိရသည်။
ယင်းကားနှစ်စီးပေါ်တွင်တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသူ မြန်မာနိုင်ငံသား ၃၉ ဦး (အမျိုးသား ၂၇ ဦး၊ အမျိုးသမီး ၁၂ ဦး) ကို ဖမ်းဆီးခဲ့ ကြောင်းသိရသည်။
မြန်မာနိုင်ငံသားများ၏ထွက်ဆိုချက်အရဘန်ကောက်နှင့် အတွင်းပိုင်းပြည်နယ်များတွင် အလုပ်ရှာရန် လာရောက်ကြပြီး ပွဲစားများကို လူတစ်ဦးလျှင် ဘတ် ၁၃,၀၀၀ မှ ၁၅,၀၀၀ ကြား ပေးဆောင်ခဲ့ရကြောင်း သိရသည်။
မြန်မာနိုင်ငံသား ၃၉ ဦးကို ထောင်းဖာဖုမ်ရဲစခန်းသို့ ဥပဒေအရအရေးယူနိုင်ရန်အတွက် လွှဲပြောင်းပေးအပ်ခဲ့ ကြောင်းထိုင်းသတင်းက ဖော်ပြသည်။
ထိုင်းသတင်းများ ဖော်ပြချက်အရ ဩဂုတ်လအတွင်း နယ်စပ်များမှတရားမ၀င်၀င် ရောက်သည့် မြန်မာနိုင်ငံသား ၉၀၀ ဦးထက်မနည်းဖမ်းဆီးခြင်းခံခဲ့ရသည်။
YouTube https://www.youtube.com/@migranttimes
Website https://www.migranttimes.com/
Telegram https://t.me/migranttimes
TikTok https://www.tiktok.com/@migranttime

