September 23, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
သတင်း

ထိုင်းတွင် ရေကြီးသည့်လမ်း၌ ဆိုင်ကယ်ဆင်းတွန်းသည့် လူငယ် ဓာတ်လိုက်သေဆုံး

စက်တင်ဘာ ၈ ၊ Migrant Times ။

ထိုင်းနိုင်ငံ ၊ စမွတ်ပရာကန်တွင် ယနေ့ နံနက်အစောပိုင်း ၁ နာရီခန့်၌ အသက် ၁၇ နှစ်အရွယ် ထိုင်းလူငယ်တစ်ဦးသည် ရေကြီးနေသည့်လမ်းပေါ်တွင် ဆိုင်ကယ်တွန်းသွားရင်း လျှပ်စစ်ဝိုင်ယာကြိုးရှိသည့် ကွန်ကရစ်တုံးကိုကိုင်မိရာက ဓာတ်လိုက် သေဆုံးခဲ့သည်။

၎င်းလူငယ်သည် လော့ဘူရီမှဖြစ်ပြီး အဖြူရောင် Honda Click ဆိုင်ကယ်ဖြင့် စမွတ်ပရာကန်၊ဖရဲကာဆာလမ်းတွင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်ရဲတပ်ဖွဲ့က ပြောသည်။

မျက်မြင်တွေ့ရှိသူများ ပြောကြားချက်အရ သေဆုံးသူသည် အိမ်အပြန်လမ်း၌ ဆိုင်ကယ်ကို ရေထဲတွန်းသွားနေစဉ် အရှိန်ဖြင့်မောင်းလာသည့် ပစ်ကပ်ကားတစ်စီးကြောင့် လှိုင်းပုတ်ပြီး ဟန်ချက်ပျက်သွားခဲ့သည်။ ထို့နောက် ကွန်ကရစ်တုံးကို လှမ်းကိုင်လိုက်ရာက ချက်ချင်းလဲကျသွားခဲ့ခြင်းဖြစ်သည်။

ကွန်ကရစ်တုံးပေါ် ဖြတ်ဆွဲထားသည့် ဓာတ်ကြိုးမှ လျှပ်စစ်ဓာတ်ယိုစိမ့်မှုကြောင့် ဓာတ်လိုက်သေဆုံးခြင်းဖြစ်နိုင်ကြောင်း ထိုင်းသတင်းကဖော်ပြသည်။ ကွန်ကရစ်တုံးများ ချထားပြီး လျှပ်စစ်ကြိုးများ ဆွဲထားသည့် ဆောက်လုပ်ရေးကုမ္ပဏီကို စုံစမ်းစစ်ဆေးပြီး ဥပဒေအရ အရေးယူသွားမည်ဟု ရဲတပ်ဖွဲ့က ပြောကြားသည်။

ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့အနီးရှိ စမွတ်ပရာကန်တွင် ယမန်နေ့ စက်တင်ဘာလ ၇ ရက်နေ့မှစ၍ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးနေမှုကြောင့် ယနေ့နံနက်တွင် စာသင်ကျောင်း ၁၃ ကျောင်းပိတ်ထားရကြောင်း ထိုင်းသတင်းများတွင်ဖော်ပြသည်။

ဓာတ်ပုံ – Bagankok Post

#Migranttime

#ထိုင်း

#စမွတ်ပရာကန်

#thailand

YouTube https://www.youtube.com/@migranttimes

Website https://www.migranttimes.com/

Telegram https://t.me/migranttimes