စက်တင်ဘာ ၁၆ ရက် တစ်ရက်ထဲတွင် ထိုင်းသို့တရားမဝင်ဝင်ရောက်သည့် မြန်မာ ၁၇ဝ ကျော်ဖမ်းဆီးခံရ
စင်တင်ဘာ ၁၆ ၊ Migrant Times ။
ထိုင်းနိုင်ငံ ၊ ကန်ချနဘူရီပြည်နယ်၊ သောင်ဖာဖုမ်မြို့နယ်တွင် ယနေ့ စက်တင်ဘာလ ၁၆ ရက်နေ့မနက်၌ တရားမဝင်ဝင်ရောက်သည့် မြန်မာနိုင်ငံသား ၁၁၃ ဦးအား ဖမ်းမိခဲ့ကြောင်း ထိုင်းစစ်တပ်ကထုတ်ပြန်သည်။
ထုတ်ပြန်ချက်အရ ယနေ့ နံနက် ၁ဝ နာရီခွဲခန့်တွင် သောင်ဖာဖုမ်ခရိုင်၊ အူလောင်းဘုန်းကြီးကျောင်းအနီး၌ စစ်ဆေးရေးဂိတ် အနီးတွင် သံသယဖြစ်ဖွယ် ဗင်ကား ၃ စီးကို တွေ့ရှိခဲ့သည်။ ယင်းကားများသည် ဆန်ခလာဘူရီခရိုင်မှ ကန်ချနပူရီမြို့သို့ မောင်းနှင်လာခြင်းဖြစ်ရာ ရပ်တန့်စစ်ဆေးရန် အချက်ပြခဲ့သော်လည်း ထွက်ပြေးခဲ့သည်။ ထို့နောက် ထာခနုန်ဘုန်းကြီးကျောင်းရှေ့၌ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဗင်ကား ၃ စီးအနက် ထိုင်းလူမျိုး ယာဉ်မောင်း၂ ဦးကိုဖမ်းမိခဲ့ပြီး တစ်ဦးမှာထွက်ပြေးလွတ်မြောက်သွားကြောင်း ၊ ဗင်ကား ၃ စီးအတွင်း၌ မြန်မာနိုင်ငံသား ၁၁၃ ဦး (အမျိုးသား ၇၂ ဦးနှင့် အမျိုးသမီး ၄၁ ဦး) ကို တွေ့ရှိခဲ့ပြီး ၎င်းတို့အားလုံးတွင် ခိုင်လုံသော ခရီးသွားလာခွင့်ဆိုင်ရာ စာရွက်စာတမ်းများ မပါရှိသည့်အတွက် ဖမ်းဆီးခဲ့ကြောင်း ထိုင်းစစ်တပ်ကထုတ်ပြန်သည်။
ယာဉ်မောင်း၂ ဦး၏ ထွက်ဆိုချက်များအရ မြန်မာနိုင်ငံသားများကို ကန်ချနပူရီမြို့နယ်အတွင်းသို့ ပို့ဆောင်ပေးရန်အတွက် ဘတ်ငွေ ၄,ဝဝဝ ရရှိခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံသားများသည်
ရန်ကုန်မြို့မှ လာရောက်ကြပြီး ဆန်ခလာဘူရီနယ်စပ်မှတဆင့် ဝင်ရောက်ခဲ့ကြကာ ကန်ချနပူရီ၊ ရာချ်ဘူရီနှင့် ဘန်ကောက်မြို့များ၌ အလုပ်လုပ်ရန် ခိုးဝင်လာကြောင်း စစ်သားများထံ ဝန်ခံခဲ့ကြသည်။
မြန်မာနိုင်ငံသားများသည် လုပ်ငန်းခွင်နေရာများသို့ ရောက်ရှိပါက အကျိုးဆောင်ကို တစ်ဦးလျှင် ၁၄,ဝဝဝ ဘတ်မှ ၁၈,ဝဝဝ ဘတ်အထိ ပေးရမည်ဖြစ်ကြောင်းသိရသည်။ ဖမ်းဆီးရမိသည့် ဗင်ကား ၃ စီး၊ယာဉ်မောင်း ၂ ဦး နှင့် မြန်မာနိုင်ငံသား ၁၁၃ ဦးအား သောင်ဖာဖုမ် ရဲစခန်းသို့ ဥပဒေအရ အရေးယူနိုင်ရန် လွှဲပြောင်းပေးခဲ့ကြောင်း ထိုင်းစစ်တပ်ကထုတ်ပြန်သည်။
ကန်ချနဘူရီပြည်နယ်၊ သောင်ဖာဖုမ်မြို့နယ်တွင် ယနေ့ စက်တင်ဘာလ ၁၆ ရက်နေ့ နံနက်အစောပိုင်းကလည်း တရားမဝင်ဝင်ရောက်သည့် အသက် ၂ နှစ်အရွယ်ကလေးအပါအဝင် မြန်မာနိုင်ငံသား ၅၃ ဦးကို ကားများပေါ်တွင် အုပ်ချုပ်ရေး ပူးပေါင်းအဖွဲ့ကဖမ်းမိခဲ့ကြောင်း ထိုင်းသတင်းကဖော်ပြသည်။
အဝေးပြေးလမ်းမရဲတပ်ဖွဲ့ (Highway Police)၏ ယနေ့(စက်တင်ဘာ ၁၆)ရက်ထုတ်ပြန်ချက်အရ
ထိုင်းနိုင်ငံ ၊ ချွန်ဘူရီခရိုင်၊ ဘန်လာမွန်းမြို့နယ်ရှိ အဝေးပြေးလမ်းမကြီးပေါ်တွင် ပစ်ကပ်ကားတစ်စီး၏ အလုံပိတ်အခန်းတွင်းလိုက်ပါလာသည့် တရားမဝင်ဝင်ရောက်သည့် မြန်မာအလုပ်သမား ၇ ဦးအား ဖမ်းမိခဲ့သည်။
ယနေ့ စက်တင်ဘာ ၁၆ ရက် တစ်ရက်ထဲ၌ ထိုင်းနိုင်ငံသို့တရားမဝင်ဝင်ရောက်သည့် မြန်မာ ၁၇၃ ဦးဖမ်းဆီးခံခဲ့ရသည်။
ထိုင်းသတင်းများ ဖော်ပြချက်အရ ဩဂုတ်လအတွင်း နယ်စပ်များမှတရားမဝင်ဝင် ရောက်သည့် မြန်မာနိုင်ငံသား ၉ဝဝ ဦးထက်မနည်းဖမ်းဆီးခြင်းခံခဲ့ရသည်။ Migrant Times ကလေ့လာထားသည့်အချက်များအရ ယခု စက်တင်ဘာလလယ်အထိ ထိုင်းနိုင်ငံသို့ နယ်စပ်များမှတရားမဝင်ဝင် ရောက်သည့် မြန်မာနိုင်ငံသား ၃ဝဝ ဦးထက်မနည်းဖမ်းဆီးခြင်းခံခဲ့ရသည်။
Photo – Royal Thai Army
YouTube https://www.youtube.com/@migranttimes
Website https://www.migranttimes.com/
Telegram https://t.me/migranttimes



