စက်တင်ဘာ ၁၇ ၊ Migrant Times ။
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့တွင် ယမန်နေ့ စက်တင်ဘာလ ၁၆ ရက်နေ့ညက ဓားခုတ်မှုကျုးလွန်ခဲ့သည့် လူငယ် ဆိုင်ကယ်ဂိုဏ်းကို ရဲတပ်ဖွဲ့က ရှာဖွေနေကြောင်း ချင်းမိုင်သတင်းတွင်ဖော်ပြသည်။
ချင်းမိုင်မြို့ ဆန်ကမ်ဖိုင်ရပ်ကွက်တွင် ၂၄ နာရီဖွင့်သည့် အဝတ်လျှော်ဆိုင်ဘေးရှိ စတိုးဆိုင်ရှေ့၌ စက်တင်ဘာလ ၁၆ ရက်နေ့ည တွင် လူငယ် ဆိုင်ကယ်ဂိုဏ်းသည် အသက် ၁၄ နှစ်အရွယ် မိန်းကလေးတစ်ဦး အပါအဝင် လူငယ် (၃) ဦးကို ဓားဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသတင်းကဖော်ပြသည်။
ဓားခုတ်ခံရခြင်းကြောင်း မိန်းကလေးတစ်ဦးသည် လက်ကောက်ဝတ်ပြတ်သွားခဲ့ပြီး ဆေးရုံတွင် ဆေးကုသမှု ခံယူနေရာကာ အခြား ဒဏ်ရာရရှိသူ အမျိုးသားနှစ်ဦးမှာလည်း အရေးပေါ်ခန်းတွင် ဆေးကုသမှု ခံယူနေရဆဲဖြစ်ကြောင်း သိရသည်။
တိုက်ခိုက်မှုဖြစ်စဉ်ကို ပြည်သူတစ်ဦးက ကားရှေ့ကင်မရာက တစ်ဆင့် မှတ်တမ်းရရှိခဲ့ပြီး ရဲတပ်ဖွဲ့ထံပေးပို့ခဲ့သည်။ ကင်မရာမှတ်တမ်းအရ လမ်းမပေါ်တွင် ဆိုင်ကယ်အစီး ၃၀ ကျော်ဖြင့် မောင်းနှင်နေသည့် လူငယ်အဖွဲ့ကို တွေ့ရှိပြီး အချို့ဆိုင်ကယ်များသည် နံပါတ်ပြားတပ်ဆင်ထားခြင်းမရှိကြောင်း၊ လူငယ်အားလုံးသည် မျက်နှာဖုံးစွပ်ထားကြကြောင်း၊ အချို့ဆိုင်ကယ်များသည် နံပါတ်ပြားများကို ပလပ်စတစ်ပြားများ၊ အိတ်များဖြင့် ဖုံးအုပ်ထားကြပြီး နောက်ထိုင်လူငယ်အချို့သည် လက်နက်များ ကိုင်ဆောင်ထားကြသည်ကို တွေ့ရကြောင်း ရဲတပ်ဖွဲ့ကထုတ်ပြန်သည်။
ချင်းမိုင်သတင်းဖော်ပြချက်အရ ရဲတပ်ဖွဲ့က စက်တင်ဘာလ ၁၆ ရက်နေ့ညသန်းခေါင်တွင် သံသယရှိသည့် လူငယ် ၄ ဦးကိုဓားများဖြင့်တွေ့ရှိခဲ့ပြီး ယနေ့ စက်တင်ဘာလ ၁၇ ရက်နေ့တွင် နောက်ထပ် လူငယ် ၄ ဦးကိုဆက်လက်ဖမ်းဆီးခဲ့သည်။
အဆိုပါအဖွဲ့သည် တိုက်ခိုက်မှုကျူးလွန်ခဲ့သည့်အဖွဲ့ဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့က ယူဆထားပြီး ကျန်ရှိသူများကို အမြန်ဆုံး ဖမ်းဆီးနိုင်ရန် ကြိုးစားနေကြောင်းသတင်းကဖော်ပြသည်။
ချင်းမိုင်မြို့တွင် ဩဂုတ်လ ၂၉ ရက်နေ့ နံနက်အစောပိုင်းကလည်း ချင်မိုင်မြို့၊ ဝရောရော့ဈေး(ကတ်လုံ)ရှေ့ ချန်စွမ်တံတားအနီး၌ ဓားခုတ်မှုဖြစ်ပွားခဲ့ပြီး ကျုးလွန်ခဲ့သည့် အသက် ၁၉ နှစ်အရွယ် မြန်မာ(ရှမ်း)လူငယ် ၅ ဦးဖမ်းဆီးခြင်းခံခဲ့ရသည်။
ဓာတ်ပုံ – CM 108
YouTube https://www.youtube.com/@migranttimes
Website https://www.migranttimes.com/
Telegram https://t.me/migranttimes




