September 23, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
သတင်း

ချင်းမိုင်တွင် ဓားခုတ်မှုကျုးလွန်ခဲ့သည့် ဆိုင်ကယ်ဂိုဏ်းဝင် လူငယ်ကိုဖမ်းမိ

စက်တင်ဘာ ၁၉ ၊ Migrant Times ။

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့တွင် စက်တင်ဘာလ ၁၆ ရက်နေ့ညက ဓားခုတ်မှုကျုးလွန်ခဲ့သည့် လူငယ် ဆိုင်ကယ်ဂိုဏ်းကို ရဲတပ်ဖွဲ့က ရှာဖွေနေပြီး ဓားခုတ်မှုဦးဆောင် ကျုးလွန်ခဲ့သူကို စက်တင်ဘာလ ၁၈ ရက်၊ နံနက်ပိုင်းတွင်ဖမ်းမိခဲ့ကြောင်း ချင်းမိုင်သတင်းက ဖော်ပြသည်။

အိုင်မောင်းဟုခေါ်ဆိုသည့် ထိုလူငယ်သည် ချင်းမိုင်မြို့ ဆန်ကမ်ဖိုင်ရပ်ကွက်တွင် ၂၄ နာရီဖွင့်သည့် အဝတ်လျှော်ဆိုင်ရှေ့၌ စက်တင်ဘာလ ၁၆ ရက်နေ့ညတွင် အသက် ၁၄ နှစ်အရွယ် မိန်းကလေးတစ်ဦး အားဓားဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့သူဖြစ်ကြောင်း သတင်းကဖော်ပြသည်။ ဘန်ကောက်သို့ ထွက်ပြေးရန် သွားရောက်စဉ်တွင် လမ်ဖွန်း၊ မဲထာစစ်ဆေးရေးဂိတ်၌ ရဲတပ်ဖွဲ့ကအချိန်မီ ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ချင်းမိုင်မြို့ ဆန်ကမ်ဖိုင်ရပ်ကွက်တွင် စက်တင်ဘာလ ၁၆ ရက်နေ့ည၌ လူငယ် ဆိုင်ကယ်ဂိုဏ်းသည် အသက် ၁၄ နှစ်အရွယ် မိန်းကလေးတစ်ဦး အပါအဝင် လူငယ် (၃) ဦးကို ဓားဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဓားခုတ်ခံရသည့် မိန်းကလေးသည် လက်ကောက်ဝတ်ပြတ်သွားခဲ့ပြီး ဆေးရုံတွင် ဆေးကုသမှု ခံယူနေရာကာ အခြား ဒဏ်ရာရရှိသူ အမျိုးသားနှစ်ဦးမှာလည်း အရေးပေါ်ခန်းတွင် ဆေးကုသမှု ခံယူနေရဆဲဖြစ်ကြောင်း သိရသည်။

ချင်းမိုင်သတင်းဖော်ပြချက်အရ ရဲတပ်ဖွဲ့က စက်တင်ဘာလ ၁၆ ရက်နေ့ညသန်းခေါင်တွင် သံသယရှိသည့် လူငယ် ၄ ဦးကိုဓားများဖြင့်တွေ့ရှိခဲ့သည့်အတွက် ဖမ်းဆီးခဲ့ပြီး စက်တင်ဘာလ ၁၇ ရက်နေ့တွင်လည်း နောက်ထပ် လူငယ် ၄ ဦးကိုဆက်လက်ဖမ်းဆီးခဲ့သည်။

အိုင်မောင်းနှင့်အတူ ဓားခုတ်မှုကျူးလွန်ခဲ့သော တရားခံနောက်တစ်ဦးမှာ လွတ်မြောက်နေဆဲဖြစ်ပြီး

ကျန်ရှိသူများကို အမြန်ဆုံး ဖမ်းဆီးနိုင်ရန် ရဲတပ်ဖွဲ့က ကြိုးစားနေကြောင်း သတင်းကဖော်ပြသည်။

ယနေ့ စက်တင်ဘာလ ၁၉ ရက်၊ နံနက် ၁၁နာရီခွဲတွင် ယင်းအမှုနှင့်ပတ်သက်ပြီး ရဲတပ်ဖွဲ့က သတင်းစာရှင်းလင်းပွဲပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။

ဓာတ်ပုံ – CM News

#Migranttime

#ထိုင်း

#ချင်းမိုင်

#thailand

YouTube https://www.youtube.com/@migranttimes

Website https://www.migranttimes.com/

Telegram https://t.me/migranttimes