September 24, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
သတင်း

ချင်းမိုင်တွင် ဓားခုတ်မှုကျုးလွန်သည့် မြန်မာနှင့်ရှမ်းလူငယ် ၁၈ ဦးပါသည့် ၉၉၉ ဂိုဏ်းကိုဖမ်းဆီးထား

🟥လူသတ်ရန် ကြိုးပမ်းမှု အပါအဝင် ပြင်းထန်သော စွဲချက်များဖြင့် အရေးယူမည်ဟုရဲတပ်ဖွဲ့ပြော
စက်တင်ဘာ ၂၃ ၊ Migrant Times ။
ထိုင်းနိုင်ငံ ချင်းမိုင်မြို့ ဆန်ကမ်ဖိုင်ရပ်ကွက်တွင် စက်တင်ဘာလ ၁၆ ရက်နေ့ညက အသက် ၁၄ နှစ်အရွယ် မိန်းကလေးတစ်ဦး၏ လက်ကိုပြတ်သည်အထိ ဓားခုတ်မှုကျုးလွန်ခဲ့သည့် ၉၉၉ ဂိုဏ်းခေါင်းဆောင် အိုက်တော့ပ်အပါအဝင် မြန်မာနှင့်ရှမ်းလူငယ် ၁၈ ဦးကိုရဲတပ်ဖွဲ့က ဖမ်းဆီးထားသည်။
ဓားခုတ်မှုကျုးလွန်ခဲ့သည့် ၉၉၉ ဂိုဏ်းခေါင်းဆောင် အိုက်တော့ပ်နှင့် စိုင်းအိုက်မောင် (ခေါ်) အမ်အား လူသတ်ရန် ကြိုးပမ်းမှု အပါအဝင် ပြင်းထန်သော စွဲချက်များဖြင့် အရေးယူမည်ဖြစ်ပြီး ကျန်ပါဝင်သူများအား ဝိုင်းဝန်းတိုက်ခိုက်မှု၊ ဓားပြအဖွဲ့အဖြစ် စုဝေးမှု၊ လက်နက်များ ကိုင်ဆောင်မှုများဖြင့်စွဲချက်တက်အရေးယူမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ယနေ့(စက်တင်ဘာ ၂၃) ကျင်းပသည့်သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်ဟု ချင်းမိုင်သတင်းတွင်ဖော်ပြသည်။
ယနေ့ နံနက် ၁၁ နာရီခွဲတွင် ချင်းမိုင်မြို့ ဒေသခံရဲတပ်ဖွဲ့ (၅)၌ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင်ဒေသခံရဲတပ်ဖွဲ့ (၅) မှ ကော်မရှင်နာချုပ် ဒုတိယဗိုလ်ချုပ်ကြီးက
“ဒီလူငယ်ဂိုဏ်းတွေဟာ အဓိကအားဖြင့် မြန်မာလူငယ်တွေနဲ့ ရှမ်းလူမျိုးတွေဖြစ်တယ်လို့ တွေ့ရှိရပါတယ်။ အထူးသဖြင့် ချင်းမိုင်နဲ့ ဘန်ကောက်မှာနေထိုင်ကြတဲ့သူတွေဖြစ်ပြီး အလုပ်သမားတွေအဖြစ် အလုပ်လုပ်ကြပါတယ်။ Line မှာ အုပ်စုဖွဲ့ ဆက်သွယ်ကြပါတယ်။ အဖွဲ့ဝင်အများစုကတော့ အနက်ရောင် ဒါမှမဟုတ် ဟူဒီ အင်္ကျီတွေ ဝတ်ကြပြီး သူတို့ရဲ့ သင်္ကေတကတော့ ၉၉၉ ဖြစ်ပါတယ်” ဟု ပြောကြားသည်။
ဓားခုတ်မှုကျုးလွန်ခဲ့သည့် လူငယ် ၉၉၉ ဂိုဏ်းခေါင်းဆောင် အိုက်တော့ပ်ကို စက်တင်ဘာလ ၂၁ ရက်နေ့တွင် ချာချွန်ဆောင်းခရိုင်၊ ပလိုင်ယောင်မြို့နယ်၌ ကမ္ဘောဒီးယားသို့ နယ်စပ်ဖြတ်ကျော် ထွက်ပြေးဖို့ ပြင်ဆင်နေချိန်တွင် ဖမ်းဆီးခဲ့ကြောင်းရဲတပ်ဖွဲ့ကပြောသည်။ ၎င်းကို အရေးယူရန်အတွက် ချင်းမိုင်မြို့ရှိ ရာဇဝတ်မှုဌာန သို့ ပို့ဆောင်လိုက်ပြီဖြစ်ကြောင်းသိရသည်။
အဆိုပါဂိုဏ်းသည် ဆိုင်ကယ်အစီး ၂၀ နှင့် လူ ၃၀ ခန့်ပါဝင်ပြီး ရဲတပ်ဖွဲ့က ဂိုဏ်းခေါင်းဆောင်အပါ အဖွဲ့ဝင် ၁၈ ဦးကို ဖမ်းဆီးနိုင်ခဲ့ပြီး ကျန်ရှိနေသည့်၁၂ ဦးကိုလည်း အမြန်ဆုံး ဖမ်းဆီးနိုင်ရန် ခြေရာခံနေကြောင်း ချင်းမိုင်သတင်းကဖော်ပြသည်။
ထို့အပြင် စက်တင်ဘာ ၁၈ ရက်မှ ၂၃ ရက်အထိ ချင်းမိုင်နှင့် လမ်ဖွန်းပြည်နယ်တို့တွင် ရဲတပ်ဖွဲ့၏ စစ်ဆင်ရေးအတွင်း တရားခံ ၁၈၉ ဦးကို ဖမ်းဆီးရမိခဲ့သည်။ထို့အထဲတွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှု ၉၃ ဦး၊ အလုပ်လုပ်ခွင့်မရှိဘဲ အလုပ်လုပ်ကိုင်သူ ၁၆ ဦး၊ မူးယစ်ဆေးဝါးနှင့်ပတ်သက်သော ပြစ်မှုကျူးလွန်သူ ၁၆ ဦးတို့ ပါဝင်ကြောင်း ရဲတပ်ဖွဲ့ကထုတ်ပြန်သည်။
ကိုးကား၊ဓာတ်ပုံ – CM 108