စက်တင်ဘာ ၂၅ ၊ Migrant Times ။
ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်မြို့ရှိ စက်ရုံတစ်ခုတွင် တရားမဝင်အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသား ၈ ဦးအား ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်သည်။
ယမန်နေ့ စက်တင်ဘာလ ၂၄ ရက် နံနက် ၁၀ နာရီခွဲ အချိန်တွင် တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့်ပူးပေါင်းစစ်ဆေးရေးအဖွဲ့က မဲဆောက်မြို့နယ် ဖရထပ်ဖာဒဲင်ကျေးရွာရှိ ကလေးကစားစရာထုတ်လုပ်သည့် စက်ရုံတစ်ရုံအတွင်း ဝင်ရောက်စစ်ဆေးခဲ့ပြီး ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စစ်ဆေးမှုတွင် အလုပ်လုပ်ခွင့်ပါမစ်မရှိဘဲ တရားမဝင်အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသားလုပ်ငန်းရှင် ၁ ဦးနှင့် မြန်မာအလုပ်သမား ၇ ဦး စုစုပေါင်း ၈ ဦးအား တွေ့ရှိခဲ့ပြီး လူဝင်မှုကြီးကြပ်ရေးဥပဒေများ ချိုးဖောက်မှုဖြင့် ဖမ်းဆီးအရေးယူခဲ့ကြောင်းထုတ်ပြန်သည်။ ဖမ်းဆီးခံရသူများကို မဲဆောက်ရဲစခန်းသို့ လွှဲပြောင်းပေးအပ်ပြီး ဥပဒေအရ ဆက်လက်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံတွင် ယခုရက်ပိုင်းအတွင်း နယ်စပ်များမှ တရားမဝင်ဝင်ရောက်လာသည့် မြန်မာများဆက်တိုက် ဖမ်းဆီးခံနေရသည်။ ထိုင်းနိုင်ငံ၊ စရပူရီပြည်နယ်တွင် ကားတစ်စီးပေါ်၌ တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၈ ဦးအား ယနေ့တွင် ဖမ်းဆီးရမိခဲ့ကြောင်း အဝေးပြေးလမ်းမ ရဲတပ်ဖွဲ့ကထုတ်ပြန်သည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၁၆ ရက်နေ့မနက်ကလည်း ကန်ချနဘူရီပြည်နယ်၊ သောင်ဖာဖုမ်မြို့နယ်တွင် တရားမဝင်ဝင်ရောက်သည့် မြန်မာနိုင်ငံသား ၁၁၃ ဦးအား ဖမ်းမိခဲ့ကြောင်း ထိုင်းစစ်တပ်ကထုတ်ပြန်သည်။
ထိုင်းသတင်းများ ဖော်ပြချက်အရ ဩဂုတ်လအတွင်း နယ်စပ်များမှတရားမဝင်ဝင် ရောက်သည့် မြန်မာနိုင်ငံသား ၉ဝဝ ဦးထက်မနည်းဖမ်းဆီးခြင်းခံခဲ့ရသည်။ ထိုင်းသတင်းများအရ ယခု စက်တင်ဘာလ ၂၅ ရက်နေ့အထိ ထိုင်းနိုင်ငံသို့ နယ်စပ်များမှတရားမဝင်ဝင် ရောက်သည့် မြန်မာနိုင်ငံသား ၈ဝဝ ဦးထက်မနည်း ဖမ်းဆီးခြင်းခံခဲ့ရသည်။
Photo – Tak Immigration