October 6, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
သတင်း အလုပ်သမား သတင်း

ထိုင်းတွင် မြန်မာ ရွှေ့ပြောင်းလုပ်သား ၉ ဦးနှင့် မြန်မာ ယာဉ်မောင်း ဖမ်းဆီးခံရ

အောက်တိုဘာ ၁ ၊ Migrant Times ။
ထိုင်းနိုင်ငံ ၊ ကန်ချနဘူရီပြည်နယ်၊ စံခလဘူရီမြို့နယ်တွင် ယနေ့ အောက်တိုဘာလ ၁ ရက်နေ့နံနက်အစောပိုင်း၌ တရားမဝင် ဝင်ရောက်လာသည့် မြန်မာ ရွှေ့ပြောင်းလုပ်သား ၉ ဦးနှင့် မြန်မာယာဉ်မောင်း အမျိုးသမီး ၁ ဦးအား ကားတစ်စီးနှင့်အတူ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။
စံခလဘူရီမြို့နယ်၊နောင်းလူးရပ်ကွက်ရှိ စစ်ဆေးရေးဂိတ်တွင် နယ်စပ်ဒေသဘက်မှမောင်းနှင်းလာသည့် ကားတစ်စီးကို တားခဲ့သော်လည်း မောင်းပြေးခဲ့သည့်အတွက် ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းကဖော်ပြသည်။
၎င်းနောက် ဒိုင်နမိုပြင်ဆိုင်တစ်ဆိုင်ရှေ့တွင် ဖမ်းဆီးနိုင်ခဲ့ပြီး ကားပေါ်တွင် အသက် ၂၉ နှစ်အရွယ် မြန်မာအမျိုးသမီးယာဉ်မောင်းနှင့် မြန်မာရွှေ့ပြောင်းလုပ်သား ၉ ဦး(အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၄ ဦး) တို့အားတွေ့ရှိခဲ့သည်။
ယာဉ်မောင်း နှင့် ရွှေ့ပြောင်းလုပ်သားများသည် စာရွက်စာတမ်းတစ်စုံတစ်ရာ မပါရှိသည့်အပြင် ထိုင်းဘာသာစကားဖြင့်လည်း မပြောဆိုနိုင်ကြသည့်အတွက် စံခလဘူရီရဲစခန်းသို့ ဥပဒေအရ အရေးယူရန် ခေါ်ဆောင်သွားခဲ့ကြောင်း သတင်းကဖော်ပြသည်။
ယမန်နေ့ စက်တင်ဘာလ ၃ဝ ရက်နေ့ကလည်း ထိုင်းနိုင်ငံ ၊ ကန်ချနဘူရီ ခရိုင်၊ Sai Yok မြို့နယ်တွင် တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၉ဝ ဦးအား လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။
စက်တင်ဘာလ ၂၉ ရက်နေ့ နံနက်အစောပိုင်း ကလည်း ကန်ချနဘူရီပြည်နယ်၊ထောင်းဖာဖုမ်မြို့နယ်တွင် မြန်မာအလုပ်သမား ၂၈ ဦး ပြည့်ကြပ်စွာလိုက်ပါလာသည့်ကားအား လမ်းဘေးမြောင်းထဲ ထိုးကျနေစဉ်တွင် ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းကဖော်ပြသည်။
ထိုင်းသတင်းများ ဖော်ပြချက်အရ ဩဂုတ်လအတွင်း နယ်စပ်များမှတရားမဝင်ဝင် ရောက်သည့် မြန်မာနိုင်ငံသား ၉ဝဝ ဦးထက်မနည်းဖမ်းဆီးခြင်းခံခဲ့ရသည်။ ထို့ပြင် စက်တင်ဘာလအတွင်းတွင်လည်း ထိုင်းနိုင်ငံသို့ နယ်စပ်များမှတရားမဝင်ဝင် ရောက်သည့် မြန်မာနိုင်ငံသား ၁,ဝဝဝ ကျော် ဖမ်းဆီးခြင်းခံခဲ့ရသည်။
Photo – Khaosod