အောက်တိုဘာ ၁၄၊ Migrant Times ။
ထိုင်းနိုင်ငံ ၊ချွန်ပူလီမြို့တွင် ယနေ့ နံနက် ၆ နာရီခွဲအချိန်၌ အလုပ်သွားရန် ကားစောင့်နေကြသည့် မြန်မာအလုပ်သမား ၄ ဦးအား လာရောက်ကြိုသည့်ကားက တိုက်မိခဲ့ပြီး ၁ ဦးသေဆုံးခဲ့သည်။
ချွန်ပူလီမြို့အတွင်းရှိ ဂျက်လစင်ဟွေ့ပါကွန်ဒိုအနီးရှိ ဖုန်းဆိုင်ရှေ့တွင် မြန်မာအလုပ်သမား ၄ ဦးသည် အလုပ်သွားရန် ကားစောင့်နေကြပြီး လာကြိုသည့် ကားက အရှိန်လွန်ကာ ဝင်တိုက်မိခြင်းဖြစ်ကြောင်းဖြစ်စဉ်သိရှိသည့် WAG အဖွဲ့ကပြောသည်။
ကားတိုက်မှုကြောင့် ၎င်းနေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့သော မြန်မာအလုပ်သမားမှာ ကိုစိုးလင်းဦး ဆိုသူဖြစ်ပြီး ကျန် ၃ ဦးမှာ ဒဏ်ရာပြင်းထန်ခဲ့ကြောင်း သိရသည်။ ဒဏ်ရာရ အလုပ်သမားများသည် ဘန်ဝ၊ဒယ်အိုးရုံတွင်အလုပ်လုပ်နေကြသည့် အလုပ်သမားများဖြစ်ကြောင်း WAG အဖွဲ့ကထုတ်ပြန်သည်။
မြို့နယ်အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့များက သေဆုံးသူနှင့်ဒဏ်ရာရ မြန်မာလုပ်သားများအား ဆေးရုံသို့ပို့ဆောင်ခဲ့ကြောင်း သိရသည်။
“ ကျွန်တော်ကတော့ ဆေးရုံလိုက်သွားနေတုန်းပဲ” ဟု WAG အဖွဲ့တာဝန်ခံ ကိုမုန်တိုင်းက ယနေ့ ထိုင်းစံတော်ချိန် ၂ နာရီခန့်တွင် Migrant Times ကိုပြောကြားသည်။
ကားတိုက်မှုကြောင့်သေဆုံးခဲ့သည့် မြန်မာအလုပ်သမား ကိုစိုးလင်းဦး၏ အကိုဖြစ်သူက ယနေ့ ၁၂ နာရီ ခွဲအချိန်တွင် အကူညီတောင်းခဲ့သောကြောင့် သွားရောက်ကူညီပေးနေကြောင်း WAG အဖွဲ့ ကထုတ်ပြန်ထားသည်။
Photo – WAG