အောက်တိုဘာ 18, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
သတင်း အလုပ်သမား သတင်း

မလေးရှားတွင် မြန်မာအလုပ်သမား ၅ ဦး ဖမ်းဆီးခံရ

အောက်တိုဘာ ၁၅ ၊ Migrant Times ။

မလေးရှားနိုင်ငံ ၊ ဂျိုဟိုးပြည်နယ် ၊ JOHOR BAHRU တွင် မြန်မာနိုင်ငံသား အလုပ်သမား ၅ ဦးအပါအဝင် နိုင်ငံခြားသား ၃၂ ဦးအား အောက်တိုဘာလ ၁၃ ရက်နေ့၌ ဖမ်းဆီးခဲ့ကြောင်း ဂျိုဟိုး ပြည်နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနကထုတ်ပြန်သည်။

နိုင်ငံခြားသားများအား အလုပ်သမားပါမစ်နှင့် ခွင့်ပြုမိန့်များကို အလွဲသုံးစားပြုခြင်းအား တိုက်ဖျက်ရေးစီမံချက်အတွင်း ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း မလေးရှားသတင်းကဖော်ပြသည်။

ဂျိုဟိုးဘာရူးနှင့် ဘာတူးပါဟတ်ဒေသများတွင် နိုင်ငံခြားသား ၉၆ ဦးကို စစ်ဆေးခဲ့ပြီး ၎င်းတို့အနက် မြန်မာ ၅ ဦးပါ ၃၂ ဦးကို လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေအရ ပြစ်မှုအမျိုးမျိုးဖြင့် ဖမ်းဆီးခဲ့ကြောင်း ဂျိုဟိုးပြည်နယ် လူဝင်မှုကြီးကြပ်ရေး တာဝန်ရှိသူကပြောသည်။

“ သူတို့ကို တရားဝင် ခရီးသွားလာခွင့် စာရွက်စာတမ်းတွေ ဒါမှမဟုတ် ပါမစ်တွေ မရှိတာ၊ ယာယီအလုပ်အကိုင် ခရီးစဉ် ပါမစ်တွေကို အလွဲသုံးစားလုပ်တာ၊ တရားဝင် ခွင့်ပြုချက်မရှိဘဲ အလုပ်လုပ်ကိုင်တာနဲ့ နိုင်ငံတွင်းမှာ သတ်မှတ်ကာလထက် ကျော်လွန်နေထိုင်တာတွေကြောင့် ဖမ်းဆီးထားပါတယ်” ဟု ၎င်းက ဆိုသည်။

ဖမ်းဆီးခံရသူများတွင် အသက် ၁၉ နှစ်မှ ၅၂ နှစ်အကြားရှိ ဘင်္ဂလားဒေ့ရှ် အမျိုးသား ၅ ဦး၊ အိန္ဒိယ အမျိုးသား ၅ ဦး၊ ပါကစ္စတန် အမျိုးသား ၁ ဦး၊ မြန်မာ အမျိုးသား ၄ ဦး နှင့် အမျိုးသမီး ၁ ဦး ၊ အင်ဒိုနီးရှား ၁၆ ဦးတို့ ပါဝင်ကြောင်း သိရသည်။

ဖမ်းဆီးခံရသူအားလုံးကို Setia Tropika လူဝင်မှုကြီးကြပ်ရေး ယာယီထိန်းသိမ်းရေးစခန်းတွင် ထားရှိထားပြီး စုံစမ်းစစ်ဆေးရေးအတွက် သက်သေများအား ဆင့်ခေါ်မည်ဖြစ်ကြောင်း မလေးရှားသတင်းကဖော်ပြသည်။

Photo – Bernama